ဖိလစ်ပိုင်နိုင်ငံ ဗိုင်းရပ်စ်စစ်ဆေးရေး နေရာတစ်ခုမှာ ကျေးရွာတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကို မြက်ခုတ်ဓားဖြင့် ခြိမ်းခြောက်ရန်ပြုခဲ့သူ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို အသေပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၄ ရက်နေ့မှာ ပြောပါတယ်။
ဖိလစ်ပိုင်တောင်ပိုင်း Agusan del Norte ပြည်နယ် Nasipi မြို့ရှိ COVID-19 ဗိုင်းရပ်စ်စစ်ဆေးရေးနေရာမှာ တာဝန်ကျနေတဲ့ ကျေးရွာတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကို ကြာသပတေးနေ့ (ဧပြီ ၂ ရက်) က ခြိမ်းခြောက်ရန်ပြုခဲ့စဥ် ထိုအမျိုးသားဟာ အရက်မူးနေတယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့အစီရင်ခံစာက ဖော်ပြထားပါတယ်။
"ကျေးရွာကျန်းမာရေးဝန်ထမ်းက သူ့ကို mask မတပ်ထားလို့ သတိပေးခဲ့ပါတယ်၊ ဒါပေမဲ့ သံသယရှိသူက ဒေါသတကြီးဖြစ်ပြီး ရန်လိုတဲ့ စကားတွေနဲ့ ပြောဆိုခဲ့ပြီး နောက်ဆုံးမှာတော့ သူက မြက်ခုတ်ဓားတစ်ချောင်းကိုင်ပြီး ခြိမ်းခြောက်လာပါတယ်" လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ထို့နောက် ၎င်းကို ဖျောင်းဖျနှစ်သိမ့်ရန် ကြိုးစားနေခဲ့တဲ့ ရဲအရာရှိက ပစ်သတ်လိုက်ကြောင်း Al Jazeera သတင်းက ဖော်ပြပါတယ်။
ဖိလစ်ပိုင်မှာ COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေး အသွားအလာ ပိတ်ပင်ကန့်သတ်ထားတဲ့ lockdown အစီအမံအတိုင်း မလိုက်နာဘဲ ချိုးဖောက်ကာ ပြဿနာရှာသူများအား ပစ်သတ်ရန် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို အမိန့်ပေးသွားမယ်လို့ သမ္မတဒူတာတေးက ဧပြီ ၁ ရက်နေ့မှာ သတိပေးထားခဲ့ပါတယ်။ "တစ်ကယ်လို့ ပြဿနာရှာမယ်၊ သူတို့က ပြန်တိုက်ခိုက်ပြီး အသက်အန္တရာယ်ပြုတယ်ဆိုရင် သူတို့ကို ပစ်သတ်ဖို့ ကျွန်တော် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို အမိန့်ပေးရပါလိမ့်မယ်" လို့ သမ္မတဒူတာတေးက ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ ယနေ့ (ဧပြီ ၆ ရက်) ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံသူ ၃,၆၆၀ ဦး စစ်ဆေးတွေ့ရှိထားပြီး ၁၆၃ ဦး သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ နေ့စဥ် ဗိုင်းရပ်စ်ကူးစက်ခံရသူ တရိပ်ရိပ်တိုးလာနေခဲ့ပါတယ်။ ကူးစက်မှုတွေ အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ လူဇွန်ကျွန်းမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်မှုကို တစ်လကြာ သတ်မှတ်ထားကြောင်း သိရပါတယ်။