loading...

loading...

loading...

ဒူတာတေးဟာ ကြိုတင်ကာကွယ်မှုအဖြစ် ဗိုင်းရပ်စ် စစ်ဆေးမှုခံယူသွားမှာ ဖြစ်ပါတယ်။
Ko John

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးဟာ ကြိုတင်ကာကွယ်မှုအဖြစ် COVID-19 ဗိုင်းရပ်စ် စစ်ဆေးမှုခံယူသွားမယ်လို့ ၎င်းရဲ့ ပြောခွင့်ရအမျိုးသားက ယနေ့ (မတ်လ ၁၂ ရက်) ပြောပါတယ်။ ဗိုင်းရပ်စ်ကာကွယ်မှုအဖြစ် အဓိကကျတဲ့ အစိုးရအဆောက်အအုံနှစ်ခုကိုလည်း ပိုးသတ်ဆေးဖြန်းသွားမယ်လို့ ဆိုပါတယ်။

(Photo: AFP)

ယခု သီတင်းပတ်အတွင်း ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ကူးစက်ခံသူ အရေအတွက် သိသာစွာ မြင့်တက်လာခဲ့ပါတယ်။ ကူးစက်ခံရသူတွေအနက် လတ်တလော ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားတွေကို ဆီးနိတ်လွှတ်တော်အမတ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေနဲ့အတူ တက်ရောက်ခဲ့ကြသူတွေလည်း ပါဝင်နေပါတယ်။

အဆိုပါ လွှတ်တော်အမတ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ ထိတွေ့မှုရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုအခြေအနေကြောင့် ဆီးနတ်လွှတ်တော်အဆောက်အအုံနဲ့ ဖိလစ်ပိုင်ဗဟိုဘဏ်တို့မှာ ပိုးသတ်ဆေးဖြန်းမှု လုပ်ဆောင်ခဲ့ပြီး အစိုးရတာဝန်ရှိသူတွေကလည်း ကြိုတင်ကာကွယ်မှုအဖြစ် ၎င်းတို့ကိုယ်တိုင် သီးခြားခွဲနေကြကြောင်း ကြေညာထားပါတယ်။

(Photo: Eloisa Lopez/Reuters)

အသက် ၇၄ နှစ်အရွယ် ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ဗိုင်းရပ်စ်ကူးစက်ခံရလွယ်တဲ့ အသက်အရွယ်အုပ်စုထဲမှာ ပါဝင်နေပြီး ကိုယ်တိုင် သီးခြားခွဲနေကြတဲ့ အစိုးရတာဝန်ရှိသူတွေအနက်မှ အချို့နဲ့ ပုံမှန်တွေ့ဆုံမှု ရှိခဲ့ဖူးတာကြောင့် ကြိုတင်ကာကွယ်မှုအဖြစ် COVID-19 ဗိုင်းရပ်စ် စစ်ဆေးမှုခံယူသွားမှာ ဖြစ်ပါတယ်။

"ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်သင့်တဲ့ အကြုံချက်ကို လေးစားလိုက်နာတဲ့အနေနဲ့ပါပဲ" လို့ သမ္မတဒူတာတေးရဲ့ ပြောခွင့်ရအမျိုးသား ဆယ်လ်ဗာဒိုပန်နီလိုက ပြောပါတယ်။ ၎င်းကိုယ်တိုင်လည်း ဗိုင်းရပ်စ်စစ်ဆေးမှု ခံယူသွားမယ်လို့ ဆယ်လ်ဗာဒိုက ဆိုပါတယ်။

(Photo: Willy Kurniawan/Reuters)

၂၀၁၆ ခုနှစ်မှာ ဖိလစ်ပိုင်ရဲ့ အသက်အကြီးဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာခဲ့တဲ့ ဒူတာတေးရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခန့်မှန်းပြောကြားမှုတွေလည်း ရှိနေခဲ့ပါတယ်။ ဒူတာတေးဟာ ယမန်နှစ် အောက်တိုဘာလအတွင်း ဂျပန်ဧကရာဇ်နန်းတက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့စဥ်ကလည်း ကျောရိုး မခံမရပ်တဲ့အထိ နာကျင်မှုကြောင့် ဂျပန်နိုင်ငံကနေ အချိန်စောပြီး ပြန်လာခဲ့ရပါတယ်။

သမ္မတဒူတာတေးက ၎င်းဟာ ကြွက်သားအားနည်းမှုကြောင့် မျက်ခွံများတွဲကျပြီး အမြင်အာရုံမှုန်ဝါးမှု ကျန်းမာရေးပြဿနာရှိနေကြောင်း ယမန်နှစ် အောက်တိုဘာလအစောပိုင်းမှာ ထုတ်ပြောခဲ့ပြီးနောက် ၁၀ ရက်မျှအကြာမှာ ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ မတ်လ ၁၂ ရက် ညနေပိုင်းအထိ စာရင်းတွေအရ ဖိလစ်ပိုင်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၉ ဦးအထိ မြင့်တက်လာပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။

Source: AFP


ဆက်စပ်အကြောင်းအရာများ


loading...

က္က