ဖိလစ်ပိုင်တောင်ပိုင်းမှာ နှစ်ပတ်အတွင်း ဒုတိယအကြိမ် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
Ko John

ဖိလစ်ပိုင်တောင်ပိုင်းမှာ ရစ်ချ်တာစကေး ၆ .၆ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု ယနေ့ (အောက်တိုဘာ ၂၉ ရက်) လှုပ်ခတ်ခဲ့မှုကြောင့် လူခုနစ်ဦး အပျက်အစီးများအောက်ရောက်ပြီး သေဆုံးခဲ့ကြောင်းနဲ့ အများအပြား ဒဏ်ရာရကာ အဆောက်အအုံများ အက်ကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

(Photo: Manman Dejeto/AFP)

မင်ဒါနာအိုဒေသမှာ ငလျင်လှုပ်မှုကြောင့် ဒေသခံများ လမ်းမတွေပေါ် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းရှိ အဆိုပါဒေသမှာ သီတင်းနှစ်ပတ်အတွင်း ဒုတိယအကြိမ် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုဒေသမှာ ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်မှုကြောင့် လူငါးဦး သေဆုံးခဲ့ပြီး အပျက်အစီးများ ဖြစ်ပေါ်ခဲ့ပါတယ်။ ယနေ့ ငလျင်လှုပ်မှုဟာ နေရာအချို့မှာ တစ်မိနစ်အထိကြာမြင့်ခဲ့ပြီး ဒေသတွင်းရှိ နေအိမ်များ၊ အထပ်မြင့်အဆောက်အအုံများနဲ့ စာသင်ခန်းများ ထိခိုက်ပျက်စီးခဲ့ပါတယ်။

(Photo: Anthony Allad/AFP)

ဖိလစ်ပိုင်တောင်ပိုင်းမှာ ယခုလအစောပိုင်း ငလျင်လှုပ်မှုအပြီး လူဦးရေ ရာနဲ့ချီပြီး နေအိမ်စွန့်ခွာ နေထိုင်နေကြဆဲလည်း ဖြစ်ပါတယ်။ ငလျင်လှုပ်မှုအတွင်း Magsaysay မြို့ငယ်မှာ စာသင်ကျောင်းကနေ ထွက်ပြေးခဲ့တဲ့ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦး နံရံပြိုကျမှုကြောင့် သေဆုံးခဲ့ကြောင်း အဆိုပါမြို့အုပ်ချုပ်ရေးအဖွဲ့မှ ပြောခွင့်ရအမျိုးသားက AFP သတင်းဌာနကို ပြောပါတယ်။

နံရံပြိုကျမှုအတွင်း အခြား ကျောင်းသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်မှုကြောင့် Koronadal မြို့မှာလည်း နံရံတစ်ခုပြိုကျခဲ့မှုအတွင်း အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက AFP ကို ပြောပါတယ်။

(Photo: Manman Dejeto/AFP)

ယနေ့ ငလျင်လှုပ်မှုအတွင်း ပြိုကျခဲ့တဲ့ မူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမများ အပါအဝင် အပျက်အစီးများ လူ ၅၀ ထက်မနည်း အပျက်အစီးများ ပြုတ်ကျထိမှန်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ရစ်ချ်တာစကေး ၆.၆ အဆင့်ရှိ ကနဦး ငလျင်လှုပ်ခတ်မှုအပြီးမှာ ရစ်ချ်တာစကေး ၅.၈ ရှိတဲ့ ငလျင်တစ်ခု အပါအဝင် နောက်ဆက်တွဲ ငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် US Geological Survey ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ငလျင်လှုပ်မှုတွေ အဖြစ်များတဲ့ ပစိဖိတ်မီးကွင်းဒေသ (Pacific 'Ring of Fire') မှာတည်ရှိနေပါတယ်။ ငလျင်အန္တရာယ်ရှိတဲ့ ပစိဖိတ်မီးကွင်းနေရာဟာ ဂျပန်နိုင်ငံမှ အစပြုပြီး အရှေ့တောင်အာရှကိုဖြတ်ကာ ပစိဖိတ် မြစ်ဝှမ်းဒေသတစ်လျှောက်အထိ ဆက်စပ်လျက်ရှိပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က