စစ်ဘက်ဆေးရုံများ အပါအဝင် ဆေးရုံ၊ ဆေးခန်းတွေ အသင့်ပြင်ဆင်ထားမယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်မှာ သွေးလွန်တုပ်ကွေးရောဂါ သတိပေးချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာ ထုတ်ပြန်ထားကြောင်း သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက် မြင့်တက်လာနိုင်ခြေအတွက်လည်း စစ်ဘက်ဆေးရုံများ အပါအဝင် ဆေးရုံ၊ ဆေးခန်းတွေကို အသင့်ပြင်ဆင်ထားမယ်လို့ ဖိလစ်ပိုင်ကျန်းမာရေးဌာနက ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။

(Photo: AFP/Getty Images)

DOH က သွေးလွန်တုပ်ကွေး သတိပေးချက်ကို တနင်္လာနေ့ (ဇူလိုင် ၁၅ ရက်) မှာ ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၉ ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ စုစုပေါင်း ၁၀၆,၆၃၀ ဦးရှိခဲ့ကြောင်းနဲ့ ယမန်နှစ် အလားတူကာလထက် ၈၅ ရာခိုင်နှုန်းအထိ ပိုများလာခဲ့တယ်လို့ သိရပါတယ်။



ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ဖိလစ်ပိုင်မှာ သွေးလွန်တုပ်ကွေးကြောင့် လူ ၄၅၀ ကျော်သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်မီဒီယာတွေက ဖော်ပြပါတယ်။ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး Francisco Duque III ရဲ့ အဆိုအရ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုဟာ သုံးနှစ်မှလေးနှစ်အကြာမှာ မြင့်တက်လေ့ရှိကြောင်းနဲ့ နောက်ဆုံးအကြိမ် မြင့်တက်ဖြစ်ပွားမှုဟာ ၂၀၁၆ ခုနှစ်မှာဖြစ်တ်ယ်လို့ သိရပါတယ်။

(Infographic: AFP)

ဖိလစ်ပိုင်မှာ သွေးလွန်တုပ်ကွေးရောဂါ မြင့်တက်ဖြစ်ပွားနေတဲ့ နေရာဒေသများမှာ မီမာရိုပါ (Mimaropa)၊ အနောက်ဗီဆေယက်စ် (Western Visayas)၊ အလယ်ပိုင်းဗီဆေယက်စ် (Central Visayas) နဲ့ မြောက်ပိုင်း မင်ဒါနာအို ဒေသများဖြစ်ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမြင့်တက်နေခြင်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်မယ့် အစီအစဉ်ကို ယမန်နေ့ (ဇူလိုင် ၁၇ ရက်) မှာ DOH က ဌာနဆိုင်ရာအသီးသီးနဲ့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေးဆောင်ရွက်ရာမှာ ဖိလစ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ရဲတပ်ဖွဲ့တို့ကလည်း ပါဝင်ကူညီသွားမယ်လို့ ဆိုပါတယ်။

(ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး Francisco Duque III) (Photo: Edd Gumban)

ထို့အတူ ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့ကလည်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများနေတဲ့ နေရာဒေသတွေကို ဆေးဘက်ဆိုင်ရာအဖွဲ့ ပိုမိုစေလွှတ်ပြီး အရေးပေါ် သယ်ယူပို့ဆောင်ရေး ကူညီသွားမှာဖြစ်ပါတယ်။ ဖိလစ်ပိုင် စာသင်ကျောင်းတွေမှာလည်း သွေးလွန်တုပ်ကွေး ပညာပေးအစီအစဉ်တွေ ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံနှင့် သွေးလွန်တုပ်ကွေး

မြန်မာနိုင်ငံမှာလည်း ယခုနှစ် ဇန်နဝါရီမှ ဇွန်လ ၂၉ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်လူနာ ၅,၇၁၇ ဦးရှိခဲ့ပြီး ၂၀ ဦး သေဆုံးတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ဖြစ် ပွားမှုအများ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ ဇူလိုင်လလယ်ပိုင်းအထိ သွေးလွန်တုပ်ရောဂါ ဖြစ်ပွားသူ ၁,၂၆၀ ဦးရှိခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်က ပြောကြောင်း 7Day Daily သတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနဲ့ သေဆုံးမှုဟာ ၂၀၁၇ ခုနှစ်ကလောက် မများသေးဘူးလို့လည်း ၎င်းကဆိုပါတယ်။

(Photo: Ministry of Health and Sports)

သေဆုံးသူအများစုမှာ အသက် ၅ နှစ်မှ ၉ နှစ်အရွယ်များဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် တစ်ဦးလည်းပါဝင်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအနက် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအများဆုံးမှာ လှိုင်သာယာမြို့နယ်ဖြစ်ပြီး ရွှေပြည်သာ၊ သန်လျင်၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ တောင်ဒဂုံမြို့နယ်များမှာလည်း ဖြစ်ပွားမှုများပါတယ်။

၂၀၁၈ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၃,၂၇၃ ဦးရှိခဲ့ပြီး ၁၁၂ ဦး သေဆုံးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၀၁၈ ခုနှစ်မှာ ၃,၆၄၉ ဦးရှိပြီး ၂၅ ဦး သေဆုံးခဲ့ကာ ၂၀၁၇ ခုနှစ်မှာတော့ ၇,၄၉၀ ဦး ဖြစ်ပွားခဲ့ပြီး ၆၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က