Ko John

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ကမ်းလွန်မှာ စက်လှေသုံးစီး နစ်မြုပ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက် ၃၁ ဦးအထိ မြ့င်တက်လာကြောင်း အာဏာပိုင်တွေက ယမန်နေ့ (သြဂုတ် ၄ ရက်) က ပြောပါတယ်။

(Photo: Reuters)

မိုးသက်မုန်တိုင်း ကျရောက်ခဲ့မှုအတွင်း သစ်သားစက်လှေ သုံးစီးဟာ ဂူမာရက်စ်ရေလက်ကြားမှာ စနေနေ့ (သြဂုတ် ၃ ရက်) က တိမ်းမှောက်နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုနေ့က ဖိလစ်ပိုင်နိုင်ငံ နေရာအနှံ့အပြားမှာ အနောက်တောင်မုတ်သုန်လေကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုတွေလည်း ဖြစ်ပေါ်နေခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

နစ်မြုပ်ခဲ့တဲ့ စက်လှေများမှာ လိုက်ပါသွားသူတွေရဲ့ အလောင်းတွေကို ယမန်နေ့က ထပ်မံ ဆယ်ယူရရှိခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက် ၃၁ ဦးရှိလာကြောင်း အစိုးရတာဝန်ရှိသူ ဖရန်ကိုအဂူဒိုက AFP သတင်းဌာနကို ပြောပါတယ်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ရီနီပမ်မက်စ်ပူစန်ကလည်း စက်လှေနစ်မြုပ်မှုကြောင့် လူ ၃၁ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။


(Photo: AFP)

စက်လှေနစ်မြုပ်မှုအတွင်း ယမန်နေ့အထိ အခြား လူသုံးဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး လူ ၆၂ ဦးနဲ့ စက်လှေသမားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်အစိုးရသတင်းဌာန Philippine News Agency (PNA) က ထုတ်ပြန်ခဲ့တဲ့ သတင်းဓာတ်ပုံမှာ ရေငုပ်သမားတွေက အလောင်းနှစ်လောင်းကို ဆယ်ယူခဲ့ကြရာ အလောင်းတစ်လောင်းဟာ အသက်ကယ်အင်္ကျီ ဝတ်ထားလျက်တွေ့ရပါတယ်။

(Photo: Reuters)

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာ ရေကြောင်းသယ်ယူပို့ဆောင်ရေး အားနည်းချက်တွေရှိနေပြီး ရေလမ်းခရီး မတော်တဆမှုတွေကြောင့် သေဆုံးမှုတွေ နှစ်စဉ် ဖြစ်ပွားလေ့ရှိပါတယ်။ ဖိလစ်ပိုင်မှာ ကျွန်းငယ်တစ်ခုမှ အခြားတစ်ခုသို့ သွားလာရေးမှာ စက်လှေတွေကို ပုံမှန်အသုံးပြုကြပါတယ်။ အပူပိုင်းမုန်တိုင်းနဲ့ တိုင်ဖွန်းမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်လေ့ရှိတဲ့ နှစ်လယ်ပိုင်းကာလအတွင်း ဖိလစ်ပိုင်မှာ ပင်လယ်ရေလမ်းကြောင်း မတော်တဆမှုတွေ မြင့်တက်ဖြစ်ပွားတတ်ကြောင်းလည်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က