စီဘူးမြို့မှ ဒါပီတန်မြို့သို့ ခုတ်မောင်းသွားနေစဉ် သင်္ဘောမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
Ko John

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ခရီးသည်အပြည့် တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး အခြား လူ ၂၄၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AP)

ကယ်ဆယ်ရေးသမားတွေက နောက်ထပ် အသက်ရှင်သူတွေကို ရှာဖွေခဲ့ကြကြောင်းလည်း သိရပါတယ်။ ယနေ့ (သြဂုတ် ၂၈ ရက်) အာရုဏ်မတက်မီအချိန်က Lite Ferry 16 ကူးတို့သင်္ဘောဟာ စီဘူးမြို့မှ ဒါပီတန်မြို့သို့ ခုတ်မောင်းသွားနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားစဉ် ခရီးသည်အချို့က သင်္ဘောပေါ်ကနေ ရေထဲကို ခုန်ချသွားခဲ့ကြတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ ကူးတို့သင်္ဘောပေါ်မှာ ခရီးသည်မည်မျှ လိုက်ပါသွားကြောင်း အတိအကျ မသိရသေးပေမဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ လူ ၂၄၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပါတယ်။

(Photo: AP)

ကူးတို့သင်္ဘော တာဝန်ရှိသူတွေရဲ့ တရားဝင် စာရင်းမှာတော့ ခရီးသည် ၁၇၂ ဦးနဲ့ သင်္ဘောအမှုထမ်းတွေ လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ ကျွန်းပေါင်း ၇,၀၀၀ ကျော်ရှိတဲ့ ဖိလစ်ပိုင်မှာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ စီမံခန့်ခွဲမှု အားနည်းချက်တွေရှိနေခဲ့ပါတယ်။

စက်လှေများနဲ့ သင်္ဘောများ လူအပြည့်အသိပ် တင်ဆောင်ကြရာမှ မတော်တဆမှုများ ဖြစ်ပွားနေခြင်းကို ဆိုးရွားစွာ ကိုင်တွယ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ ကူးတို့သင်္ဘော မီးလောင်မှုမှာ ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေကြာင်းနဲ့ အာဏာပိုင်တွေက သင်္ဘောပေါ်မှာ လိုက်ပါသွားသူ အရေအတွက်ကို အတိအကျ သိရှိနိုင်ရန် ဆောင်ရွက်နေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောခွင့်ရအမျိုးသား ဗိုလ်ကြီး အာမန်းဘာလီလိုက ပြောပါတယ်။

(Photo: AFP)

"သူတို့ရဲ့ တရားဝင် ခရီးသည်စာရင်းနဲ့ အမှန်တစ်ကယ် လိုက်ပါသွားတဲ့ ခရီးသည်အရေအတွက် ကွာဟနေတာကို ရှင်းပြဖို့ သင်္ဘောကပ္ပတိန်ကို ညွန်ကြားထာပါတယ်" လို့ ဘာလီလိုက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကူးတို့သင်္ဘောကုမ္ပဏီ Danilo Lines က ကယ်တင်ခဲ့တဲ့ ခရီးသည်တွေကို ကူညီပေးရန် အဖွဲ့တစ်ဖွဲ့နဲ့ သင်္ဘောကို ဆိပ်ကမ်းသို့ ပြန်ဆွဲလာရန် ဆွဲသင်္ဘောများ စေလွှတ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

(Photo: AFP)

ဖိလစ်ပိုင်မှာ လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်က Dona Paz အမည်ရှိ ကူးတို့သင်္ဘောနဲ့ ရေနံတင်သင်္ဘောတစ်စီး တိုက်မိခဲ့ကြရာ လူ ၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာ့အဆိုးရွားဆုံး ပင်လယ်ပြင် မတော်တဆမှုကြီး ဖြစ်ခဲ့ပါတယ်။ ထိုစဉ်ကလည်း Dona Paz ကူးတို့သင်္ဘောဟာ တရားဝင်စာရင်းမှာ ခရီးသည် ၁,၅၀၀ ကျော်အဖြစ် ဖော်ပြထားပေမဲ့ စာရင်းမဝင်တဲ့ ခရီးသည် ၂,၀၀၀ ထက်မနည်းလည်း လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က