မင်ဒါနာအိုကျွန်း အရှေ့မြောက်ဘက်ကမ်းရိုးတန်းမှာ လှုပ်ခတ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူ ၅၁ ဦး ဒဏ်ရာရပြီး နေအိမ်နဲ့ခရစ်ယာန်ဘုရားကျောင်းအချို့နဲ့ အခြား အဆောက်အအုံများ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: @MovePH/Twitter)

ငလျင်ရဲ့ပြင်းအားဟာ ရစ်ချ်တာစကေး ၅.၈ ဖြစ်ပြီး ယနေ့ (ဇူလိုင် ၁၃ ရက်) ဒေသစံတော်ချိန် မနက် ၄ နာရီ ၄၂ မိနစ်က မင်ဒါနာအိုကျွန်း အရှေ့မြောက်ဘက်ကမ်းရိုးတန်းမှာ လှုပ်ခဲ့ကြောင်း ဖိလစ်ပိုင်ငလျင်ဌာနက ထုတ်ပြန်ပါတယ်။ အဆိုပါ ငလျင်လှုပ်ပြီးနောက် အင်အားမပြင်းထန်တဲ့ နောက်ဆက်တွဲငလျင် ခုနစ်ခုထက်မနည်း ထပ်မံ လှုပ်ခဲ့သေးကြောင်းသိရပါတယ်။



ငလျင်ဗဟိုချက်အနီး မက်ဒရစ်မြို့ငယ်ရှိ ရဲစခန်းမှာ ငလျင်လှုပ်မှုကြောင့် စားပွဲများအောက်ကို ပြေးဝင်ခိုလှုံခဲ့ရကြောင်း၊ စာရွက်စာတမ်းများထည့်ထားတဲ့ ဗီရိုမှန်တံခါးကွဲပြီး တီဗီတစ်လုံး ပြုတ်ကျပျက်စီးခဲ့ကြောင်း ရဲအရာရှိ Wilson Uanite က ပြောပါတယ်။ "လူတွေ သူတို့အိမ်တွေထဲကနေ လမ်းပေါ်ထွက်ပြေးလာတာ မြင်ခဲ့ရတယ်၊ ဒေသခံတွေ ဒဏ်ရာရတာတွေရှိတယ်" လို့ ၎င်းကဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: @MovePH/Twitter)

ငလျင်ကြောင့် မက်ဒရစ်ခရိုင်ဆေးရုံ နံရံတွေမှာ အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ပြီး လူနာတွေကို ရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။ မက်ဒရစ်မြို့ငယ်ရှိ ကားရပ်နားနေရာဟောင်းတစ်ခု အမိုးပြိုကျမှုဖြစ်ခဲ့ပြီး မီးသတ်ကားနှစ်စီးနဲ့ အခြား ကားသုံးစီး အနည်းငယ်ပျက်စီးခဲ့ပါတယ်။

ငလျင်လှုပ်မှုကို မက်ဒရစ်မြို့ငယ်အနီးရှိ အခြား မြို့ငယ်လေးခုမှာလည်း ခံစားသိရှိခဲ့ရပြီး နေအိမ်များ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဟိုတယ်တစ်ခု၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနေရာတစ်ခု၊ တံတားတစ်စင်းနဲ့ ဈေးတစ်ခုတို့ ပျက်စီးမှုတွေဖြစ်ခဲ့ကြောင်း ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

(Photo: Marianne Dua Ramos)

ငလျင်ကြောင့် ကန်တီလန်မြို့ငယ်လေးရှိ စားသောက်ဆိုင်တစ်ဆိုင် အနီးရှိမြစ်အတွင်း ပြိုကျသွားခဲ့ပါတယ်။ အဆိုပါ မြို့ငယ်ရှိ လူနေအိမ်တွေမှာ ပန်းကန်ပြားများ၊ ဖန်ခွက်များနဲ့ အလှဆင်ထားရှိတဲ့ ကြွေထည်မြေထည်ရုပ်တုများ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ရဲအရာရှိ Johannes Tipon က AFP သတင်းဌာနကို ဖုန်းဖြင့်ပြောကြားပါတယ်။

ငလျင်လှုပ်ခဲ့ရာ ဒေသအတွင်း မက်ဒရစ်မြို့မှ ခြောက်ဦးနဲ့ ကန်တီလန်မြို့မှ မျက်နှာကြတ်အင်္ဂတေ ကွာကျထိမှန်ခံရတဲ့ သားအဖနှစ်ဦး အပါအဝင် လူ ၅၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ငလျင်လှုပ်မှုတွေ အဖြစ်များတဲ့ ပစိဖိတ်မီးကွင်းဒေသ (Pacific 'Ring of Fire') မှာတည်ရှိနေပါတယ်။

(Photo: AFP)

ငလျင်အန္တရာယ်ရှိတဲ့ ပစိဖိတ်မီးကွင်းနေရာဟာ ဂျပန်နိုင်ငံမှ အစပြုပြီး အရှေ့တောင်အာရှကိုဖြတ်ကာ ပစိဖိတ် မြစ်ဝှမ်းဒေသတစ်လျှောက်အထိ ဆက်စပ်လျက်ရှိပါတယ်။ ဖိလစ်ပိုင်မှာ လတ်တလော ကာလအတွင်း အင်အားအပြင်းထန်ဆုံး ငလျင်အဖြစ် ယခုနှစ် ဧပြီလအတွင်း ရစ်ချ်တာစကေး ၆.၃ အဆင့်ရှိ ငလျင်တစ်ခု မနီလာမြို့မြောက်ဘက် ဒေသတစ်ခုမှာ လှုပ်ခတ်ခဲ့ပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးကာ စူပါမက်ကတ်တစ်ခု ပြိုကျခဲ့ကြောင်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က