ငလျင်ကြောင့် မနီလာမြို့မှာ အဆောက်အအုံများ လှုပ်ရမ်းသွာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းမှာ ရစ်ချ်တာစကေး ၆.၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု ယနေ့ (ဧပြီ ၂၂ ရက်) လှုပ်ခတ်သွားခဲ့ပါတယ်။

(Photo: AP)

ငလျင်ကြောင့် မနီလာမြို့မှာ အဆောက်အအုံများ လှုပ်ရမ်းသွားခဲ့ကြောင်းနဲ့ Pampanga ပြည်နယ်မှာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ Pampanga ပြည်နယ် Porac မြို့ငယ်မှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးများထဲမှ လူသုံးဦးရဲ့ အလောင်းတွေကို တွေ့ခဲ့ရပါတယ်။



ထို့အတူ Lubao မြို့ငယ်မှာလည်း ငလျင်ကြောင့် အဆောက်အအုံ ပြိုကျမှုအတွင်း အမျိုးသမီးတစ်ဦးနဲ့ ၎င်းရဲ့မြေးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း Pampanga ပြည်နယ်အုပ်ချုပ်ရေးမှူး Lilia Pineda က ABS-CBN ရုပ်မြင်သံကြားသတင်းဌာနကို ပြောပါတယ်။ ငလျင်လှုပ်မှုကြောင့် Pampanga ပြည်နယ်မှာ လူ ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


(Photos: @MaRCs03/Twitter)

"ငလျင်လှုပ်လို့ မီးလည်းပျက်ပြီး မှောင်မဲသွားခဲ့တယ်" လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ညနေပိုင်းမှာ ငလျင်လှုပ်ခဲ့ပြီးနောက် ညအချိန်ရောက်တော့မှာ ဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်မှုမှာ အခက်အခဲရှိနေခဲ့ပါတယ်။ မနီလာမြို့မှာ ငလျင်ကြောင့် အဆောက်အအုံများ လှုပ်ရမ်းမှုဖြစ်ခဲ့ရာ အထပ်မြင့်နေရာတွေမှာ နေထိုင်ကြတဲ့ မြို့ခံထောင်နဲ့ချီပြီး လမ်းမပေါ်ကို ထွက်ပြေးခဲ့ကြကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

(Photo: AP)

စီးပွားရေးလုပ်ငန်းများတည်ရှိတဲ့ Makati မြို့မှာလည်း အရေးပေါ် သတိပေးသံ ထုတ်လွှင့်ခဲ့ပြီး ရုံးဝန်ထမ်းတွေ လမ်းမပေါ်ကို ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ငလျင်ဟာ ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၁ မိနစ်မှာ မနီလာမြို့ အနောက်မြောက်ဘက် ၃၇ မိုင်အကွာ မြေအောက်အနက် ၂၅ မိုင်ခန့်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေအရ မနီလာမြို့ရှိ စာသင်ကျောင်းနဲ့ အဆောက်အအုံတွေကနေ ရွှေပြောင်းမှုတွေ လုပ်ဆောင်နေတာ တွေ့ခဲ့ရပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းတွေအရ ဖိလစ်ပိုင်တောင်ပိုင်းမှာ ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု ဧပြီ ၂၃ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၇ မိနစ်မှာ ထပ်မံ လှုပ်ခဲ့တယ်လို့ဆိုပါတယ်။

(Photo: stuff.co.nz)

အဆိုပါ ငလျင်ဟာ Samar ကျွန်းအရှေ့ပိုင်း San Julian ဒေသမှာ ဗဟိုပြုလှုပ်ခတ်သွားခဲ့ပြီး ငလျင်လှုပ်မှုကို ၂၀၁၃ ခုနှစ် တိုင်ဖွန်းဟိုင်ယန် တိုက်ခတ်မှုကြောင့် ပျက်စီးမှုကြီးမားစွာ ဖြစ်ပေါ်ခဲ့တဲ့ Catbalogan မြို့၊ Leyte မြီု့နဲ့Tacloban မြို့တွေမှာ ခံစားသိရှိခဲ့ရပါတယ်။ ဖိလစ်ပိုင်မှာ ငလျင်လှုပ်မှုအတွင်း ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးများထဲမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ငလျင်လှုပ်မှုတွေ ဖြစ်လေ့ရှိတဲ့ ပစိဖိတ်မီးကွင်း (Pacific Ring of Fire) နေရာမှာ တည်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က