မြေပြိုမှုများအတွင်း သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်

ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ ခရစ်စမတ်ရက်အပြီး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင်း သေဆုံးသူအရေအတွက် ၁၂၆ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုများအတွင်း သေဆုံးမှုအများဆုံး ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

(Photo: AFP)

ယမန်နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ဖိလစ်ပိုင်အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ကျွန်းစုတွေကို မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ရာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ မနီလာမြို့တော် အရှေ့တောင်ဘက်ရှိ တောင်တန်းများထူထပ်တဲ့ Bicol ဒေသမှာ မုန်တိုင်းကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။



Bicol ဒေသမှာ အသေအပျောက်များတဲ့ တိုင်ဖွန်းမုန်တိုင်းများ တိုက်ခတ်လေ့ရှိပေမဲ့ ယခုတစ်ကြိမ် မုန်တိုင်းကိုတော့ အစိုးရဲ့မုန်တိုင်းသတိပေးစနစ်က တိုင်ဖွန်းမုန်တိုင်းအဆင့်အဖြစ် မသတ်မှတ်ခဲ့တာကြောင့် ဒေသခံတွေက လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့ကြကြောင်း ပြည်သူ့ကာကွယ်ရေးဌာနက ဆိုပါတယ်။

(Photo: AP)

ဒါ့အပြင် ဒေသခံအများအပြားက ခရစ်စမတ်အားလပ်ရက်အတွင်း ဖြစ်နေခဲ့တာကြောင့်လည်း ၎င်းတို့နေအိမ်တွေကနေ စွန့်ခွာလိုခြင်း မရှိခဲ့ကြဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ "ဒီမုန်တိုင်းကြောင့် Bicol မှာ နှစ်ရက်အတွင်း ရွာခဲ့တဲ့ မိုးရေချိန်က တစ်လစာမိုးရေချိန်ထက် ပိုများခဲ့တယ်" လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Edgar Posadas က AFP သတင်းဌာနကို ပြောပါတယ်။

မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွင်းမှာ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေပေမဲ့ ရွှံ့နွံထူထပ်မှုနဲ့ မြေသားအခြေအနေတို့ကြောင့် အခက်အခဲတွေရှိနေကြောင်းလည်း သိရပါတယ်။ မုန်တိုင်းတိုက်ပြီးနောက် လက်ရှိအချိန်အထိ စာရင်းတွေအရ လူ ၂၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ရာ သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်သေးတယ်လို့ Edgar Posadas က ပြောခဲ့ပါတယ်။


(Photo: AFP)

ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၁၅၂,၀၀၀ ကျော် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး ဒဏ်ရာရသူ ၇၅ ဦးရှိကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဖိလစ်ပိုင်ကို နှစ်စဉ် တိုင်ဖွန်းနဲ့ မုန်တိုင်းအရေအတွက် ပျမ်းမျှ ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး လူပေါင်းရာနဲ့ချီသေဆုံးကာ လူဦးရေသန်းနဲ့ချီပြီး ဆင်းရဲမွဲတေမှုဖြစ်စေတယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Haiyan ဟာ အားအကောင်းဆုံး မုန်တိုင်းဖြစ်ခဲ့ပြီး ဖိလစ်ပိုင်အလယ်ပိုင်းမှာ လူဦးရေ ၇,၃၆၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က