အီသီယိုးပီးယားဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် အဘီအာမက်အား ပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရပါတယ်။

(Illustration: Niklas Elmehed)

အီသီယိုးပီးယားဝန်ကြီးချုပ် အာမက်ကို ငြိမ်းချမ်းရေးရရှိရန်စွမ်းဆောင်မှုနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ၎င်းရဲ့ အားထုတ်ကြိုးပမ်းမှုများအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခဲ့ကြောင်း နိုဘယ်ဖောင်ဒေးရှင်းက ထုတ်ပြန်တယ်။



ဝန်ကြီးချုပ်အာမက်က အကြိမ် ၁၀၀ မြောက်အဖြစ် ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်း ဖြစ်လာခဲ့ပြီး လာမယ့် ဒီဇင်ဘာလအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့မှာ အခမ်းအနားဖြင့် ဆုပေးအပ်သွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးက ဆုလက်မှတ်၊ ဆုတံဆိပ်နဲ့ အမေရိကန်ဒေါ်လာ ၉၀၀,၀၀၀ ကို လက်ခံရရှိကြောင်းလည်း သိရပါတယ်။

(အီသီယိုးပီးယားဝန်ကြီးချုပ် အာမက်) (Photo: Tiksa Negeri/Reuters)

ဝန်ကြီးချုပ်အာမက်က ယမန်နှစ်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်အရ အီရီထရီးယားနိုင်ငံနဲ့ နှစ်ပေါင်း ၂၀ ကြာ စစ်ရေးတင်းမာနေခဲ့တဲ့ မတိုးသာမဆုတ်သာ အခြေအနေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အီသီယိုးပီးယားနဲ့ အီရီထရီးယားတို့ဟာ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ နယ်စပ်ဒေသစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေခဲ့ကြပါတယ်။

  • အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် အဘီအာမက်

ဝန်ကြီးချုပ်အာမက်ဟာ ၁၉၇၆ ခုနှစ်က Jima Zone ဒေသမှာ အိုရိုမိုမျိုးနွယ်စုဝင် မွတ်စလင်မ်ဖခင်နဲ့ အမ်ဟာရာမျိုးနွယ်စုဝင် ခရစ်ယာန်မိခင်တို့က မွေးဖွားခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ ဘာသာရပ်ဖြင့် အဒစ်အက်ဘာဘာတက္ကသိုလ်မှ ဒေါက်တာဘွဲ့နဲ့ ခေါင်းဆောင်ပိုင်းပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ဖြင့် လန်ဒန်မြို့ရှိ ဂရင်းဝစ်ချ်တက္ကသိုလ်မှ မဟာဘွဲ့များ အပါအဝင် ဘွဲ့များရရှိခဲ့ပါတယ်။

ဝန်ကြီးချုပ်အာမက်ဟာ ဆယ်ကျော်သက်အရွယ်မှာ ယခင် အီသီယိုးပီးယား ယာယီစစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့မှာပါဝင်ခဲ့ပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ရာထူးတိုးမြင့်ခဲ့ကာ ထောက်လှမ်းရေးနဲ့ ဆက်သွယ်ရေးကိစ္စရပ်တွေကို အဓိကထား ဆောင်ရွက်ခဲ့ပါတယ်။

(အဒစ်အက်ဘာဘာမြို့မှာတွေ့ရသည့် အာမက်ကိုထောက်ခံသူများ) (Photo: Mulugeta Ayene/AP)

၁၉၉၅ ခုနှစ်မှာတော့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်အဖြစ် ရဝမ်ဒါနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၈ မှ ၂၀၀ ပြည့်နှစ်အထိ အီသီယိုးပီးယားနဲ့ အီရီထရီးယားတို့ကြား နယ်စပ်အငြင်းပွားမှု စစ်ပွဲကာလအတွင်း အာမက်က သူလျှိုအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့ပြီး အီရီထရီးယား ကာကွယ်ရေးတပ်ဖွဲ့များ (Eritrean Defence Forces) ထိန်းချုပ်နယ်မြေများမှာ ရန်သူ့ဘက်သို့ကင်းထောက်စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်အာမက်ဟာ ၂၀၁၀ ခုနှစ်မှာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး အိုရွန်မိုပြည်သူ့ဒီမိုကရက်တစ်အဖွဲ့အစည်းမှာ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ထို့နောက် အီသီယိုးပီးယား လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

(ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့စဉ်) (Photo: @OPride/Twitter)

အာမက်ဟာ ၂၀၁၈ ခုနှစ် ဧပြီလမှာ အီသီယိုးပီးယားဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက် နိုင်ငံကို အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ကာ တင်းကျပ်ထိန်းချုပ်ထားမှုတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။ လက်ရှိမှာ အသက် ၄၃ နှစ်အရွယ် ဝန်ကြီးအာမက်ဟာ အာဖရိကမှာ လက်ရှိအချိန်အထိ အသက်အငယ်ဆုံး အစိုးရခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် အာမက်က ထောင်နဲ့ချီတဲ့ အတိုက်အခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်မှပြန်လွှတ်ပေးခဲ့ပြီး ပြည်ပြေးအဖြစ် နေထိုင်နေကြတဲ့ အစိုးရဆန့်ကျင်သူတွေကိုလည်း နိုင်ငံကိုပြန်လာခွင့်ပြုခဲ့ပါတယ်။

(အီရီထရီးယားသမ္မတနဲ့အတူတွေ့ရသည့် ဝန်ကြီးချုပ်အာမက်) (Mulugeta Ayene/AP)

အရေးအပါဆုံးအဖြစ် ဝန်ကြီးချုပ်အာမက်က အီရီထရီးယားနိုင်ငံနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုကို အဆုံးသတ်စေခဲ့ပါတယ်။ သို့သော် ၎င်းရဲ့ပြုပြင်ပြောင်းလဲမှုတွေက အီသီယိုးပီးယား မျိုးနွယ်စုများကြား တင်းမာမှုတွေကိုလည်း ဖြစ်စေခဲ့ပြီး အကြမ်းဖက်မှုတွေကြောင့် လူဦးရေ ၂.၅ သန်းခန့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် လူပုဂ္ဂိုလ်တစ်ဦးချင်း ၂၂၃ ဦးနဲ့ အဖွဲ့အစည်း ၇၈ ခု အပါအဝင် အဆိုပြုမှု ၃၀၁ ခုရှိခဲ့ကြောင်း သိရပါတယ်။ နှစ်စဉ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို မည်သူ သို့မဟုတ် မည်သည့်အဖွဲ့အစည်းက ရရှိနိုင်ကြောင်း ခန့်မှန်းမှုတွေများစွာ ထွက်ပေါ်လေ့ရှိပါတယ်။ ဆုရွေးချယ်ချီးမြှင့်တဲ့ နိုဘယ်ဖောင်ဒေးရှင်းရဲ့ စည်းမျဉ်းများအရ အဆိုပြုမှုတွေထဲမှ ဆန်ခါတင်အဖြစ် ရွေးချယ်ခံရတဲ့စာရင်းကို နှစ်ပေါင်း ၅၀ ကြာအထိ ထုတ်ပြန်ခွင့်မပြုထားဘူးလို့ ဆိုပါတယ်။

Source: Reuters, Independent, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က