ဖိလစ်ပိုင်ရဲချုပ်ဟောင်းက သမ္မတဒူတာတေးရဲ့ မူးယစ်စစ်ပွဲကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို တရားမဝင် ပြန်လည်ရောင်းချရာမှာ ပါဝင်ပတ်သက်မှုဖြင့် ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း အမှုဖွင့်တိုင်ကြားခံရတယ်လို့ ဆိုပါတယ်။

(ဖိလစ်ပိုင်ရဲချုပ် နုတ်ထွက်ရန် ဆန္ဒပြမှု) (Bullit Marquez/AP)

ဗိုလ်ချုပ်ကြီး အော်စကာ အယ်လ်ဘာယာဒီဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရဲအရာရှိတွေကို အကာအကွယ်ပေးခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်နေခဲ့စဉ် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အကြီးအကဲရာထူးမှ နုတ်ထွက်သွားခဲ့ပါတယ်။



ဗိုလ်ချုပ်ကြီးအော်စကာဟာ သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲကို ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲကို ဝေဖန်သူတွေက ဖိလစ်ပိုင်မှာ ၂၀၁၆ ခုနှစ်မှစပြီး အငြင်းပွားဖွယ်ရာ ရဲတပ်ဖွဲ့စစ်ဆင်ရေးများအတွင်း မူးယစ်ဆေးမှုဖြင့် သံသယရှိသူ ထောင်နဲ့ချီ သေဆုံးခဲ့ကြတယ်လို့ ပြောထားပါတယ်။ ဗိုလ်ချုပ်ကြီးအော်စကာကတော့ ၎င်းအပေါ် စွဲချက်တွေကို ငြင်းဆိုခဲ့ပေမဲ့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုကို ကြိုဆိုခဲ့ပါတယ်။

(ဖိလစ်ပိုင်ရဲချုပ်နှင့် သမ္မတဒူတာတေး) (Photo: Ted ALJIBE/AFP)

ယခုလအတွင်း ဖိလစ်ပိုင်လွှတ်တော် စုံစမ်းစစ်ဆေးမှုက ဗိုလ်ချုပ်ကြီးအော်စကာနဲ့ ၎င်းရဲ့လက်အောက်ရှိ ရဲအရာရှိ ၁၃ ဦးကို ၂၀၁၃ ခုနှစ်အတွင်းက သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးများ တရားမဝင် ပြန်ရောင်းချမှုနဲ့ ဆက်နွယ်ပြီး မူးယစ်ဆေးဝါးမှုနဲ့ လာဘ်စားမှုတို့ဖြင့် စွဲချက်တင်သင့်ကြောင်း အကြံပြုထောက်ခံခဲ့ပါတယ်။

ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးအော်စကာကို Philippine National Police-Criminal Investigation and Detection Group (PNP-CIDG) က ယနေ့ (အောက်တိုဘာ ၂၁ ရက်) မှာ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရပါတယ်။ PNP-CIDG ဟာ ရဲတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေကို စုံစမ်းစစ်ဆေးရတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

(ဖိလစ်ပိုင်ရဲတပ်ဖွဲ့ မူးယစ်စစ်ဆင်ရေးတစ်ခု) (Photo: Reuters)

PNP-CIDG က တိုင်ကြားလာမှုအပေါ် တရားရေးဌာနက ရဲတပ်ဖွဲ့အကြီးအကဲဟောင်းနဲ့ ရဲအရာရှိ ၁၃ ဦးအား တရားစွဲဆိုရန်သင့် မသင့် ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဖိလစ်ပိုင်ရဲချုပ်ဖြစ်လာခဲ့သူ ဗိုလ်ချုပ်ကြီးအော်စကာဟာ သမ္မတဒူတာတေးအစိုးရရဲ့ အငြင်းပွားဖွယ် မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒုတိယမြောက် ရဲတပ်ဖွဲ့အကြီးအကဲလည်း ဖြစ်ပါတယ်။

သမ္မတဒူတာတေးက ဖိလစ်ပိုင်မှာ အမြစ်တွယ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဆောင်ရွက်ရန် ၂၀၁၆ ခုနှစ်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို စစ်ပွဲအသွင် အပြင်းအထန် လုပ်ဆောင်ခဲ့ရာ ပြည်တွင်းနဲ့နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

(ဖိလစ်ပိုင်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးအော်စကာ) (Photo: Reuters)

ဒူတာတေးရဲ့ မူးယစ်စစ်ပွဲ ရဲတပ်ဖွဲ့စစ်ဆင်ရေးများအတွင်း သံသယရှိသူတွေကို တရားဥပဒေအရ ခုခံချေပခွင့်မပေးဘဲ သတ်ပစ်ခဲ့မှုကြောင့် သေဆုံးသူအများအပြားရှိခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုတွေက စွပ်စွဲထားပါတယ်။ တရားဝင် ကိန်ဂဏန်းတွေအရ ၂၀၁၆ ခုနှစ် ဇွန် ၃၀ ရက်မှာ စတင်ခဲ့တဲ့ ဖိလစ်ပိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးများအတွင်း ယခုနှစ် ဇန်နဝါရီလအထိ မူးယစ်ဆေးမှုနဲ့ဆက်စပ်သူ ၅,၁၀၄ ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သို့သော် သတင်းဌာနတွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေကတော့ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း သေဆုံးသူဦးရေ ၁၂,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်းပြောကြပါတယ်။ မူးယစ်စစ်ပွဲ စတင်ခဲ့တဲ့ ပထမနှစ်အတွင်း သေဆုံးခဲ့သူတွေအနက် ကလေး ၅၄ ဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

(ဖိလစ်ပိုင်မူးယစ်စစ်ပွဲကို ကန့်ကွက်ဆန္ဒပြမှုတစ်ခု) (Photo: Sun.Star)

၂၀၁၈ ခုနှစ်အတွင်းကလည်း အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးက မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးများအတွင်း လူ ၂၀,၀၀၀ ကျော် အသတ်ခံခဲ့ရကြောင်း ပြောခဲ့ပါတယ်။ အပြည်အပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court - ICC) ကလည်း ဖိလစ်ပိုင်မူးယစ်စစ်ပွဲနဲ့ဆက်စပ်တဲ့ သတ်ဖြတ်မှုတွေကို ပဏာမစစ်ဆေးမှု ပြုလုပ်မယ်လို့ ကြေညာထားကြောင်း သိရပါတယ်။

Source: BBC, The Guardian



က္က