ဖမ်းဆီးခံရသူတွေအနက် အသက်အငယ်ဆုံး ၁၃ နှစ်အရွယ်လည်း ပါဝင်ခဲ့ပါတယ်။
Ko John

ဟောင်ကောင်မှာဖြစ်ပွားခဲ့တဲ့ သီတင်းပတ်ကုန် ဆန္ဒပြမှုများအတွင်း အသက်အငယ်ဆုံး ၁၃ နှစ်အရွယ် အပါအဝင် လူ ၁၅၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၉ ရက်) ပြောပါတယ်။

(Photo: AFP)

ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၆ ရက်) ညနေ ၅ နာရီနဲ့ ယနေ့မနက် ၈ နာရီကြား ဆန္ဒပြမှုများအတွင်း လူ ၁၅၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးအကြီးအကဲ Tse Chun-chung က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခဲ့သူတွေအနက် အမျိုးသား ၁၂၅ ဦးနဲ့ အမျိုးသမီး ၃၂ ဦး ပါဝင်ခဲ့ပြီး အသက် ၁၃ နှစ်မှ ၆၃ နှစ်ကြား အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ "သူတို့ရဲ့ပြစ်မှုတွေက တရားမဝင် စုဝေးမှု၊ လက်နက်များကိုင်ဆောင်မှု၊ ရာဇဝတ်မှုမြောက်ဖျက်ဆီးမှု၊ ခွင့်ပြုချက်မဲ့ စီတန်းလှည့်လည်သွားလာမှုနဲ့ ရဲအရာရှိများကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့ ပါဝင်ပါတယ်" လို့ Tse Chun-chung က ပြောပါတယ်။

(Photo: AFP)

ဆန္ဒပြသူတွေက စနေနေ့ (စက်တင်ဘာ ၇ ရက်) မွန်းလွဲပိုင်းမှာ ဟောင်ကောင်လေဆိပ်မှာ စုရုံးဆန္ဒပြခဲ့ပြီးနောက် ညပိုင်းမှာ Mong Kok ရဲစခန်းကိုသွားရောက် ဆန္ဒပြခဲ့ကြပြီး အကြမ်းဖက်ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ (စက်တင်ဘာ ၈ ရက်) မှာလည်း ဆန္ဒပြသူတွေက အမေရိကန်ကောင်စစ်ဝန်ရုံးသို့ စုရုံးချီတက်ကြပြီး ဟောင်ကောင်မှာ လူ့အခွင့်အရေးကိစ္စအပေါ် အရေးယူဆောင်ရွက်ရန်နဲ့ သမ္မတဒေါ်နယ်ထရန့်အနေနဲ့ ဟောင်ကောင်အရေးကို ကူညီပေးရန် တောင်းဆိုပြောကြားခဲ့ကြပါတယ်။

(Photo: AFP)

ထို့နောက် ဆန္ဒပြသူအုပ်စုက ဟောင်ကောင်မြို့လယ် စီးပွားရေးလုပ်ငန်းများရှိရာမှ Wan Chai နဲ့ Causeway Bay သို့ ရွှေ့သွားခဲ့ကြပြီး မီးရှို့မှုတွေနဲ့ အတားအဆီးများချထားမှုတွေ လုပ်ဆောင်ခဲ့ကြကာ ရဲတပ်ဖွဲ့ကို ရှောင်တိမ်းပြေးလွှားနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ညနေပိုင်းမှာတော့ MRT ဘူတာရုံတွေမှာ မှန်များကိုရိုက်ခွဲမှု၊ CCTV ကင်မရာများကို ဖျက်ဆီးမှုနဲ့ ဘူတာရုံဝင်ပေါက်နေရာတွေမှာ မီးရှို့ခဲ့ကြသူတွေကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ကြပါတယ်။

"သီတင်းပတ်ကုန်ရက်တွေမှာ မီးပွိုင့် ၄၀ လောက်အထိ ပျက်စီးခဲ့ပြီး MRT ဘူတာရုံတွေမှာလည်း အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်၊ ဒီလို အခြေခံအဆောက်အအုံတွေကို ကြုံရာဖျက်ဆီးပြီး ဆူပူသောင်းကျန်းတာတွေက သာမန် မြို့သူမြို့သားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို သက်ရောက်မှုဖြစ်စေပါတယ်" လို့ Tse Chun-chung က ပြောခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

(Photo: AFP)

ဟောင်ကောင်အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ရာ ယခုအခါ သီတင်းပတ် ၁၄ ပတ်ကျော် ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေက အဓိက တောင်းဆိုချက်ငါးချက် ထုတ်ပြန်ထားခဲ့ရာ ဥပဒေမူကြမ်းကို လုံးဝရုပ်သိမ်းရန်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို ဖြိုခွင်းခဲ့မှုနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လည်း ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်စေခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို တရားဝင် ရုပ်သိမ်းလိုက်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။



က္က