ဒရုန်းဖြင့် လိုက်လံစစ်ဆေးရာ နောက်ထပ် တောဆင်ရိုင်းတွေ သေဆုံးနေတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံ Khao Yai အမျိုးသားဥယျာဉ်ရှိ Haew Narok ရေတံခွန်ထဲသို့ ပြုတ်ကျသေဆုံးခဲ့တဲ့ နောက်ထပ် တောဆင်ရိုင်း ငါးကောင်ကို ထပ်မံတွေ့ရှိရပြီး ရေတံခွန်ထဲသို့ ပြုတ်ကျသေဆုံးတဲ့ တောဆင်ရိုင်းအကောင်ရေ ၁၁ ကောင်အထိ မြင့်တက်လာပါတယ်။

(Photo: @EdwinWiek/Twitter)

တာဝန်ရှိသူတွေက ရေတံခွန်နဲ့ စမ်းချောင်းပေါ်ကနေ ဒရုန်းဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ရေထဲမှာ သေဆုံးနေတဲ့ နောက်ထပ် တောဆင်ရိုင်း ငါးကောင်ကို ထပ်မံတွေ့ရှိခဲ့ရကြောင်း ထိုင်းသတင်းဌာန The Nation က ယနေ့ (အောက်တိုဘာ ၈ ရက်) ဖော်ပြပါတယ်။



စနေနေ့ (အောက်တိုဘာ ၅ ရက်) က Haew Narok ရေတံခွန်ကနေ ပြုတ်ကျမှုကြောင့် တောဆင်ရိုင်း ခြောက်ကောင် သေဆုံးခဲ့ပါတယ်။ တောဆင်ရိုင်းအုပ်စုဟာ ဆင်ပေါက်လေးတစ်ကောင်ကို ကယ်တင်ရန်ကြိုးပမ်းရင်း ရေတံခွန်ကနေ ပြုတ်ကျခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

(Photo: @EdwinWiek/Twitter)

ထိုနေ့က ဖြစ်ရပ်အတွင်း တောဆင်ရိုင်း နှစ်ကောင်ကို ကယ်တင်နိုင်ခဲ့ကြောင်းနဲ့ ရေတံခွန်သို့လာရောက်လည်ပတ်မှု ယာယီပိတ်ထားခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံ ဥယျာဉ်များဆိုင်ရာဌာနကတော့ ယခုမတော်တဆမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း ပြောခဲ့ပါတယ်။

ယခင်ကလည်း ဆင်များပြုတ်ကျသေဆုံးတဲ့ မတော်တဆမှုဖြစ်ခဲ့ဖူးပြီး နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ Haew Narok ရေတံခွန်မှပြုတ်သေဆုံးတဲ့ တောင်ဆင်ရိုင်း အကောင်ရေ ၁၁ ကောင်ဖြစ်ကြောင်း Wildlife Friends Foundation Thailand အဖွဲ့အစည်းတည်ထောင်သူ Edwin Wiek က အတည်ပြုခဲ့ပါတယ်။

(Photo: @EdwinWiek/Twitter)

ယခု ရေတံခွန်မှာပင် ၁၉၉၂ ခုနှစ်ကလည်း တောဆင်ရိုင်းများ ပြုတ်ကျသေဆုံးတဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ဖူးကြောင်း Edwin Wiek က ပြောပါတယ်။ တောဆင်ရိုင်းများ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် ရေတံခွန်ထဲသို့ အခြား တိရိစ္ဆာန်များလည်း ပြုတ်ကျခြင်းကို ကာကွယ်နိုင်ရန် အတားအဆီးတစ်ခု တည်ဆောက်သွားမယ်လို့ ထိုင်းနိုင်ငံ အရင်းအမြစ်များနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Varawut Silpa-archa ကို ကိုးကားပြီး The Nation က ဖော်ပြပါတယ်။

သစ်တောနဲ့ မြက်ခင်းပြင် အကျယ်အဝန်း ၇၇၂ စတုရန်းမိုင်ရှိတဲ့ Khao Yai အမျိုးသားဥယျာဉ်အတွင်း တောဆင်ရိုင်း အကောင်ရေ ၃၀၀ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားဥယျာဉ်မှာ ဆင်များအပြင် ဝက်ဝံ၊ မျောက်လွှဲကျော် အပါအဝင် တောရိုင်းတိရိစ္ဆာန်မျိုးစုံ ကျက်စားနေထိုင်ကြပြီး ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ နေရာတစ်ခုလည်း  ဖြစ်ပါတယ်။


Share

Loading Next Article...
က္က