အသက်အန္တရာယ်မရှိတဲ့ ဒဏ်ရာများသာရခဲ့ပါတယ်။

ကမ္ဘာကျော် နိုင်အာဂရာရေတံခွန်ကနေ ပြုတ်ကျခဲ့တဲ့ အမျိုးသားတစ်ဦး အံ့အားသင့်ဖွယ် အသက်ရှင်ခဲ့ကြောင်း သိရပါတယ်။ ထိုအမျိုးသားဟာ အင်္ဂါနေ့ (ဇူလိုင် ၉ ရက်) က ဒေသစံတော်ချိန် မနက် ၄ နာရီဝန်းကျင်မှာ ရေတံခွန်ပေါ်ကိုတက်ရောက် ကြည့်ရှုနေစဉ် အမြင့်ပေ ၁၈၈ ပေခန့်ကနေ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

(Photo: AFP)

ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရေတံခွန်အောက်ဖက်မှာ လိုက်လံရှာဖွေခဲ့ကြရာ ပြုတ်ကျခဲ့တဲ့ အမျိုးသားကို အသက်အန္တရာယ်မရှိတဲ့ ဒဏ်ရာများသာရရှိထားပြီး မြစ်ထဲရှိ ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်နေတာတွေ့ခဲ့ရကြောင်း ကနေဒါရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတပ်ဖွဲ့က အမည်မဖော်ပြတဲ့ ထိုအမျိုးသားကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

၎င်းဟာ ပြုတ်မကျမီမှာ နိုင်အာဂရာ ရေတံခွန်အစုအဝေးရဲ့ အကြီးဆုံးဖြစ်တဲ့ Horsehshoe ရေတံခွန်အစွန်းအနီးမှာ ရှိနေခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အံ့အားသင့်ဖွယ် အသက်ရှင်ခဲ့တဲ့ အမျိုးသားကို ကနေဒါနိုင်ငံဘက်ခြမ်းရှိ ရေတံခွန်ကြည့်ရှုနေရာ Journey Behind the Falls အနီးမှာ တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

(Photo: Getty Images)

မြောက်အမေရိကရဲ့ အကြီးဆုံး ရေတံခွန်အစုအဝေးဖြစ်တဲ့ နိုင်အာဂရာရေတံခွန်ဟာ အမေရိကန်နဲ့ကနေဒါ နယ်စပ်မှာတည်ရှိပြီး နှစ်စဉ် ခန့်မှန်းခြေအားဖြင့် လူဦးရေ သန်း ၃၀ ဝန်းကျင် လာရောက်လည်ပတ်ကြပါတယ်။ အဆိုပါ ရေတံခွန်ဟာ အမေရိကန်နိုင်ငံ ဘတ်ဖလိုးမြို့ရဲ့ အနောက်မြောက်ဘက် ၁၇ မိုင်အကွာနဲ့ ကနေဒါနိုင်ငံ အွန်တေရီအိုမြို့ရဲ့ အရှေ့တောင်ဘက် ၇၅ မိုင်အကွာမှာ တည်ရှိပါတယ်။

နိုင်အာဂရာရေတံခွန် အစုအဝေးမှာ Horsehshoe, American နဲ့ Bridal Veil အမည်ရှိ ရေတံခွန်သုံးခုရှိပြီး နိုင်အာဂရာရေတံခွန်ဥယျာဉ်ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ တစ်မိနစ်လျှင် ရေထုထည်ပမာဏ ကုဗပေခြောက်သန်းကျော် စီးကျလျက်ရှိကြောင်း သိရပါတယ်။ နိုင်အာဂရာရေတံခွန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူ ခန့်မှန်းခြေ တစ်နှစ်လျှင် ၂၅ ဦးရှိတယ်လို့ Buffalo News သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က