ထောင်နဲ့ချီအရေအတွက်ရှိတဲ့ ဆန္ဒပြသူတွေက ဘန်ကောက်မြို့ရှိ Thammasat တက္ကသိုလ်မှာ စုရုံးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်းနဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူအများအပြားက ဩဇာကြီးမားလှတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန်လည်း တောင်းဆိုခဲ့ကြပါတယ်။

(Photo: Malden Antonov/AFP)

ဆန္ဒပြသူ အနည်းဆုံး ၅,၀၀၀ က ဘန်ကောက်မြို့ရှိ Thammasat တက္ကသိုလ်မှာ စုရုံးခဲ့ကြပြီး ထိုင်းအစိုးရဆန့်ကျင်ရေး သီတင်းပတ်ကုန် ဆန္ဒပြမှုကို စတင်ခဲ့ကြပါတယ်။ Thammasat တက္ကသိုလ်ဟာ စစ်တပ်နဲ့ တော်ဝင်အုပ်စုကို ကာလရှည်ကြာ ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ စုရုံးနေရာတစ်ခုအဖြစ် သတ်မှတ်ရှုမြင်ထားကြပြီး ၁၉၇၆ ခုနှစ်မှာ အစုအပြုံလိုက် သတ်ဖြတ်မှုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။



ထိုင်းနိုင်ငံမှာ ဇူလိုင်လလယ်မှစပြီး အစိုးရအဖွဲ့နုတ်ထွက်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန်နဲ့ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရန် ဆန္ဒပြတောင်းဆိုမှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဘုရင်မဟာဗာဂျီရာလောင်ကွန်းရဲ့ ဘုရင်စနစ်အုပ်ချုပ်မှုကို ဝေဖန်ခဲ့ကြပြီး ထိုင်းမှာ ကာလရှည်ကြာ တားမြစ်ချက်ကိုလည်း ချိုးဖောက်ဆန္ဒပြမှုတွေ ရှိလာပါတယ်။

(Photo: Lillian Suwanrumpha/AFP)

မွန်းလွဲပိုင်းမှစပြီး သော့ခတ်ပိတ်ထားတဲ့ Thammasat တက္ကသိုလ် ဂိတ်ပေါက်ဝနေရာမှာ ဆန္ဒပြသူတွေ စတင်စုရုံးခဲ့ကြပြီး တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ခွင့်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက "အာဏာရှင်စနစ် ကျဆုံးပါစေ၊ ဒီမိုကရေစီ ရှင်သန်ပါစေ" နဲ့ "ပရာယွတ် ထွက်သွား!" လို့ ကြွေးကြော်သံများ သံပြိုင်ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျောင်းသားခေါင်းဆောင်တွေကတော့ အကြမ်းမဖက်ဘဲ ငြိမ်ငြိမ်သက်သက်ရှိရန် တိုက်တွန်းခဲ့ကြပေမဲ့ ဂိတ်တံခါးတွေ ဖွင့်မပေးပါက ဖျက်ဆီးဝင်ရောက်မယ်လို့လည်း ဆန္ဒပြသူတွေက အော်ဟစ်ခဲ့ကြပါတယ်။ တက္ကသိုလ်ဝင်းထဲကို ဆန္ဒပြသူ ရာနဲ့ချီ ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Lillian Suwanrumpha/AFP)

ထိုင်းအစိုးရဆန့်ကျင်ရေး သီတင်းပတ်ကုန် ဆန္ဒပြမှုတွေ စတင်ခဲ့တဲ့ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ဟာ ယခင်ဝန်ကြီးချုပ် သက်ဆင်ကို ရာထူးမှဖြုတ်ချခဲ့တဲ့၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှု နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ယနေ့ ဆန္ဒပြပွဲမှာ ပါဝင်ကြသူ အများအပြားဟာလည်း သက်ဆင်ကို ထောက်ခံအားပေးတဲ့ ရှပ်နီအုပ်စုမှ ဖြစ်ပါတယ်။

"ကျွန်မ ဒီနေရာကိုရောက်လာတာက ကျွန်မရဲ့ သားသမီးတွေ၊ မြေးတွေအတွက် တိုက်ပွဲဝင်ဖို့ပါ၊ ကျွန်မ သေသွားတဲ့အချိန်မှာ သူတို့တွေ လွတ်လပ်ကြမယ်လို့ မျှော်လင့်တယ်" လို့ အနီရောင်အင်္ကျီ ဝတ်ဆင်ထားပြီး ဆန္ဒပြပွဲမှာ ပါဝင်နေသူ အသက် ၆၈ နှစ်အရွယ် Tasawan Suebthai က ပြောပါတယ်။

(Photo: Lillian Suwanrumpha/AFP)

ယခု သီတင်းပတ်ကုန် ဆန္ဒပြပွဲတွေကို အစောပိုင်းကတည်းက စီစဥ်နေခဲ့ကြပြီး ထိုင်းမှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး စုရုံးချီတက် ဆန္ဒပြပွဲဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဝန်ကြီးချုပ်ပရာယွတ်ကတော့ ဆန္ဒပြသူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အန္တရာယ်မြင့်တက်စေနိုင်ကြောင်းနဲ့ နိုင်ငံရေးထက် ကျန်းမာရေးအကျပ်အတည်းကို ဦးစားပေးရန် ကြာသပတေး‌နေ့ (စက်တင်ဘာ ၁၇ ရက်) မှာ သတိပေးခဲ့ပါတယ်။ သီတင်းပတ်ကုန် ဆန္ဒပြပွဲတွေရှိလာတာကြောင့် ယနေ့မှာ ရဲအရာရှိ အင်အား ၁၀,၀၀၀ ကို ဖြန့်ကျက်ချထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

.

Share

Loading Next Article...
က္က