လက်ရှိအစိုးရလက်ထက် အကြီးဆုံး ဆန္ဒပြပွဲလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာလက်ထက် အကြီးဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ယနေ့ (ဩဂုတ် ၁၀ ရက်) ပေါ်ပေါက်လာခဲ့ပါတယ်။

(ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြလူငယ်များ) (Photo: AFP)

သီတင်းပတ်ကြာပြီဖြစ်တဲ့ စုရုံးချီတက်မှုတွေ ရှိနေခဲ့ပြီးနောက် ယနေ့ ညနေပိုင်းမှာတော့ ထိုင်းပြည်သူ ထောင်နဲ့ချီပါဝင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက ပျောက်ဆုံးနေတဲ့ ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူတွေရဲ့ ရုပ်ပုံများ၊ အလံများကိုင်ဆောင်ပြီး ဝှေ့ယမ်းပြီး အစိုးရကို ဖီဆန်မှုအဖြစ် လက်သုံးချောင်းထောင်ကာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။



ယနေ့ နေဝင်ချိန်မှစပြီး Thammasat တက္ကသိုလ်မှာ ဆန္ဒပြသူတွေ စုရုံးခဲ့ကြတယ်လို့ AFP သတင်းက ဆိုပါတယ်။ ဘန်ကောက်မှာ ကျောင်းသားများဦးဆောင်တဲ့ သီတင်းပတ်များကြာ နေ့စဥ်နီးပါး ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ပြီး ပရာယွတ်ရဲ့ စစ်တပ်ပါဝင်တဲ့ အစိုးရအဖွဲ့ကို ရှုတ်ချကန့်ကွက်ခဲ့ကြပါတယ်။

(တက်ကြွလှုပ်ရှားသူတို့ရဲ့ ရုပ်ပုံများကိုင်ဆောင်ထားကြစဥ်) (Photo: AP)

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ထိုင်းအစိုးရက ဇူလိုင် ၁၈ ရက် စုရုံးချီတက်ပွဲမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူနှစ်ဦးကို နိုင်ငံတော်အား အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပါတယ်။ ယနေ့ ညနေပိုင်း ဆန္ဒပြပွဲကို စီစဥ်သူတွေက ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန်၊ လွှတ်တော်ကို ဖျက်သိမ်းရန်နဲ့ အစိုးရက ပြည်သူတွေကို ခြိမ်းခြောက်နေမှု ရပ်တန့်ရန် ထပ်မံ တောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။ ဆန္ဒပြပွဲကို LGTQI အဖွဲ့များ၊ အထက်တန်းကျောင်းနေအရွယ် ငယ်ရွယ်သူများနဲ့ ဒီမိုကရေစီလိုလားသူ သက်ကြီးပိုင်းများ ပါဝင်ခဲ့ကြတယ်ပြီး ညပိုင်းရောက်လာချိန်မှာ လူဦးရေ ၄,၀၀၀ ရှိနိုင်ကြောင်း AFP က ခန့်မှန်းခဲ့ပါတယ်။

(ထိုင်းဝန်ကြီးချုပ်ပရာယွတ်) (Photo: AFP)

"ကျွန်မတို့ အသက်ကြီးသူတွေက ကျောင်းသူကျောင်းသားတွေကို အားပေးရမယ်၊ ကျွန်မတို့ရဲ့ သားတွေ၊ သမီးတွေ၊ တူ တူမတွေအတွက် ကျွန်မတို့ တိုက်ပွဲဝင်ရမယ်" လို့ အသက် ၇၀ နှစ်အရွယ် အမည်မဖော်လိုသူ အမျိုးသမီးကြီးက ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ လမ်းမပေါ် ဆန္ဒပြမှုများနဲ့ စစ်တပ်အာဏာသိမ်းမှု ဖြစ်ရပ်များနဲ့အတူ သံသရာလည်နေခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ညီမဖြစ်သူ ဝန်ကြီးချုပ်ယင်လတ် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီး ထိုစဥ်က အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးပရာယွတ်က ယမန်နှစ် ရွေးကောက်ပွဲနဲ့အတူ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ယခုအခါမှာတော့ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ပရာယွတ်နဲ့ အစိုးရအဖွဲ့ကို ကန့်ကွက်မှုတွေ တိုးလာနေခဲ့ပြီး COVID-19 ကပ်ရောဂါ ကာလဖြစ်ပေမဲ့ စုရုံးဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က