THAI လေကြောင်းလိုင်းဟာ လေကြောင်းခရီးစဉ်အချို့မှာ ဈေးကွက်ဦးဆောင်မှု ဆုံးရှုံးခဲ့ရပါတယ်။

ထိုင်းလေကြောင်းလိုင်း (Thai Airways International - THAI) ဟာ အကျပ်အတည်းကြုံနေရပြီး ပိတ်သိမ်းရနိုင်တဲ့ အခြေအနေ ရင်ဆိုင်နေရတာကြောင့် ဝန်ထမ်းများအနေနဲ့ လေကြောင်းလိုင်း ပြန်လည်ထူထောင်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ ဥက္ကဋ္ဌ ဆူမတ်သ် ဒမ်ရောင်ချိုင်သမ်က အင်္ဂါနေ့ (အောက်တိုဘာ ၂၂ ရက်) မှာ ပြောခဲ့ပါတယ်။

(THAI လေကြောင်းလိုင်းဥက္ကဋ္ဌ ဆူမတ်သ်) (Photo: The Nation)

ဘန်ကောက်မြို့ရှိ THAI လေကြောင်းလိုင်းရဲ့ ရုံးချုပ်မှာပြုလုပ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာဝန်ထမ်းများ သင်တန်းအစီအစဉ်တစ်ခုမှာ ဥက္ကဋ္ဌဆူမတ်သ်က ထိုသို့ ပြောခဲ့တာဖြစ်ပါတယ်။ "အခုအချိန်မှာ အဟန့်အတား အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ ဝန်ထမ်းတွေ စည်းလုံးညီညွတ်ကြစေချင်တယ်၊ ဒီလိုမဟုတ်ရင် လေကြောင်းလိုင်းက ပိတ်သိမ်းရတော့မှာပါ၊ ဒါကိုဖြေရှင်းဖို့ အချိန်ရှိပါသေးတယ်၊ ဒါပေမဲ့ အချိန်က အများကြီးတော့ မဟုတ်ပါဘူး" လို့ THAI လေကြောင်းလိုင်းဥက္ကဋ္ဌက ပြောပါတယ်။



THAI လေကြောင်းလိုင်းဟာ လေကြောင်းခရီးစဉ်အချို့မှာ ဈေးကွက်ဦးဆောင်နေခဲ့မှု ဆုံးရှုံးခဲ့ရပြီး ပြိုင်ဘက်တွေက ရရှိသွားခဲ့ကြောင်း ၎င်းကဆိုပါတယ်။ ယခင်က မြောက်ဘက်ပိုင်း လေကြောင်းခရီးစဉ်တွေဟာ THAI လေကြောင်းလိုင်းရဲ့ ဝင်ငွေ သုံးပုံတစ်ပုံဖြစ်ခဲ့ပေမဲ့ ယခုအခါမှာတော့ တန်ဖိုးနည်း လေကြောင်းလိုင်းတွေက ထိုခရီးစဉ်တွေကို ချုပ်ကိုင်ထားပြီလို့လည်း ဆူမတ်သ်က ပြောခဲ့ကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။

(THAI လေကြောင်းလိုင်း လေယာဉ်တစ်စီး) (Photo: Bangkok Post)

"ဒီနှစ်က ပြိုင်ဆိုင်မှု သိပ်ပြင်းထန်ပါတယ်၊ THAI လေကြောင်းလိုင်းဟာ တစ်ကယ့် အကျပ်အတည်းဆိုက်နေပါပြီ၊ နောက်နှစ်မှာ ဒါကို အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပါ၊ တစ်ကယ်လို့ ဝန်ထမ်းတွေက ဒီလိုဖြစ်နေတာကို မသိကြသေးဘဲ ဘာမှ မလုပ်ကြဘူးဆိုရင် အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် သူတို့မှာ အချိန်မလုံလောက်တော့ပါဘူး၊ အခုဆို အချိန်က အရမ်းနည်းနေပါပြီ၊ ဒီနေ့ ဒီအချိန်က သက်သောင့်သက်သာ အခြေအနေ မဟုတ်တော့ပါဘူး၊ သင်္ဘောနစ်ရင် အားလုံးသေကြပါလိမ့်မယ်" လို့ ဆူမတ်သ်က သတိပေးခဲ့ပါတယ်။

(THAI လေကြောင်းလိုင်း ရုံးချုပ်အဆောက်အအုံ) (Photo: Chalermwat Wongchompoo)

THAI လေကြောင်းလိုင်းအနေနဲ့ ဝန်ထမ်းလစာများနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထမ်းအရေအတွက် လျှော့ချသွားမှာဖြစ်ပြီး အစားအသောက်ဌာနမှာ စားသောက်ကုန် ဖြည့်ဆည်းထောက်ပံ့ပေးတော့မှာ မဟုတ်ကြောင်းလည်း ၎င်းကပြောပါတယ်။ "ဝန်ထမ်းတွေအတွက် အခြား ဆုချီးမြှင့်တာတွေ ရှိတော့မှာမဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီ ဆက်လက်ရှင်သန်ရေးက ထိပ်ဆုံးဆုကြီး ဖြစ်နေလို့ပါပဲ" လို့ ဆူမတ်သ်က ပြောခဲ့ပါတယ်။

(Photo: THAI Airways)

THAI လေကြောင်းလိုင်းဟာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ ထိုင်းဘတ်ငွေ ၆.၄၄ ဘီလီယံ အရှုံးပေါ်ခဲ့ပြီး စုစုပေါင်း အရှုံးပေါ်မှုဟာ ထိုင်းဘတ်ငွေ ၂၈၀ ဘီလီယံအထိ ဖြစ်လာခဲ့ပါတယ်။ THAI လေကြောင်းလိုင်းကို ၁၉၆၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ သက်တမ်း ၅၉ နှစ်ရှိပြီဖြစ်ကာ ၂၀၁၈ ခုနှစ် စာရင်းတွေအရ လေယာဉ်မှူး ၁,၄၃၈ ဦး အပါအဝင် ဝန်ထမ်းအရေအတွက် ၂၂,၀၅၄ ဦးဖြင့် လုပ်ငန်းလည်ပတ်နေကြောင်း သိရပါတယ်။



က္က