လေကြောင်းလိုင်းရဲ့ အခြေအနေ သတင်းဖော်ပြမှုဟာ အဓိပ္ပါယ်ကောက်ယူမှု လွဲမှားခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းလေကြောင်းလိုင်း (Thai Airways International - THAI) ဟာ ပိတ်သိမ်းရနိုင် အခြေအနေမဟုတ်ကြောင်းနဲ့ လတ်တလော ထွက်ပေါ်ခဲ့တဲ့ လေကြောင်းလိုင်းရဲ့ အခြေအနေ သတင်းဖော်ပြမှုတွေဟာ အဓိပ္ပါယ်ကောက်ယူမှု လွဲမှားခြင်းသာဖြစ်ကြောင်း ဥက္ကဋ္ဌ ဆူမတ်သ် ဒမ်ရောင်ချိုင်သမ်က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၄ ရက်) မှာ အခိုင်အမာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

(Photo: THAI Airways)

ဆူမတ်သ်က ရာထူးကြီးဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့စဉ်အတွင်း လေကြောင်းလိုင်း ပိတ်သိမ်းရနိုင်တဲ့ အခြေအနေ ရင်ဆိုင်နေရကြောင်း ပြောခဲ့တယ်လို့ Bangkok Post အပါအဝင် မီဒီယာတွေက သတင်းဖော်ပြခြင်းအပေါ် ၎င်းက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။



ရာထူးကြီးဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ်က မှတ်ချက်ပြုပြောကြားခဲ့မှုတွေဟာ လေကြောင်းလိုင်း ပြန်လည်ထူထောင်ရေး အောင်မြင်စေရေး အစွမ်းကုန် အားထုတ်လုပ်ဆောင်ကြရန် ဝန်ထမ်းတွေကို အားပေးတိုက်တွန်းခြင်းဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

(THAI လေကြောင်းလိုင်းဥက္ကဋ္ဌ ဆူမတ်သ်) (Photo: Bangkok Post)

အင်္ဂါနေ့ (အောက်တိုဘာ ၂၂ ရက်) က စီမံခန့်ခွဲရေးဆိုင်ရာ ရာထူးကြီးဝန်ထမ်းများ တွေ့ဆုံခဲ့ပြီး ထိုစဉ်က ၎င်းရဲ့ မှတ်ချက်ပြုပြောကြားမှုအပေါ် လေကြောင်းလိုင်း ပိတ်သိမ်းရနိုင်တဲ့ အခြေအနေ ရင်ဆိုင်နေရပြီလို့ အဓိပ္ပါယ်ကောက်ယူမှု လွဲမှားခဲ့ခြင်းသာဖြစ်ကြောင်း ဆူမတ်သ်က တုံ့ပြန်ရှင်းလင်းခဲ့ပါတယ်။

ဆူမတ်သ်က THAI လေကြောင်းလိုင်း ပိတ်သိမ်းရနိုင်ကြောင်းကို ပယ်ချခဲ့ပါတယ်။ သို့သော် တန်ဖိုးနည်းလေကြောင်းလိုင်တွေ အပါအဝင် ပြိုင်ဘက်တွေနဲ့ ပြင်းထန်တဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကို အကြိတ်အနယ် ရင်ဆိုင်နေရကြောင်း ၎င်းက ဝန်ခံခဲ့တယ်လို့ Bangkok Post သတင်းက ဖော်ပြပါတယ်။

(Photo: THAI Airways)

"လေကြောင်းလိုင်း ပြိုင်ဆိုင်မှုတွေကြားမှာ THAI က ထူးခြားကောင်းမွန်စွာနဲ့ ဝန်ဆောင်မှုပေးနိုင်စွမ်းရှိတယ်လို့ အခိုင်အမာ အတည်ပြုပါတယ်" လို့ လေကြောင်းလိုင်းက ထုတ်ပြန်ချက်တစ်ခုမှာ ဆူမတ်သ်က ပြောထားပါတယ်။

လေကြောင်းလိုင်းရဲ့ အသုံးစရိတ်များ လျှော့ချပြီး အမြတ်အစွန်းများ တိုးမြင့်လာစေရေး ချက်ချက်လုပ်ဆောင်ကြရန် စိတ်ဓာတ်လှုံ့ဆော်မှုအဖြစ် ဝန်ထမ်းတွေနဲ့ တွေ့ဆုံစကားပြောခဲ့ခြင်းဖြစ်ကြောင်း ဆူမတ်သ်က တုံ့ပြန်ရှင်းလင်းထားပါတယ်။ THAI လေကြောင်းလိုင်းက အာရှဒေသတွင်း လေကြောင်းခရီးစဉ်လေးခု ပျံသန်းနေမှုကို ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းတွေကိုလည်း ဥက္ကဋ္ဌဆူမတ်က ပယ်ချခဲ့ကြောင်း သိရပါတယ်။

(Bangkok Post ဝက်ဘ်ဆိုက်မှာ သတင်းဖော်ပြခဲ့မှု) (Photo: Bangkok Post web page)

THAI လေကြောင်းလိုင်းဟာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ ထိုင်းဘတ်ငွေ ၆.၄၄ ဘီလီယံ အရှုံးပေါ်ခဲ့ပြီး စုစုပေါင်း အရှုံးပေါ်မှုဟာ ထိုင်းဘတ်ငွေ ၂၈၀ ဘီလီယံအထိ ဖြစ်လာခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက်က Bangkok Post သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

THAI လေကြောင်းလိုင်းကို ၁၉၆၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ သက်တမ်း ၅၉ နှစ်ရှိပြီဖြစ်ကာ ၂၀၁၈ ခုနှစ် စာရင်းတွေအရ လေယာဉ်မှူး ၁,၄၃၈ ဦး အပါအဝင် ဝန်ထမ်းအရေအတွက် ၂၂,၀၅၄ ဦးဖြင့် လုပ်ငန်းလည်ပတ်နေကြောင်း သိရပါတယ်။



က္က