ကမ္ဘာတစ်ဝှမ်း အင်တာနက်လွတ်လပ်ခွင့်ဟာ ကိုးနှစ်ဆက်တိုက် ကျဆင်းသွားခဲ့ပါတယ်။
Ko John

ကမ္ဘာတစ်ဝှမ်း အစိုးရများက ရွေးကောက်ပွဲတွေကို ခြယ်လှယ်ရန်နဲ့ နိုင်ငံသားတွေကိုစောင့်ကြည့်ရန် ဆိုရှယ်မီဒီယာကို ပိုမိုအသုံးပြုလာကြပြီး ဒီမိုကရေစီအတွက် စိုးရိမ်စရာအခြေအနေသို့ ဦးတည်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

(မနီလာမြို့မှာ စောင့်ကြည့်မှုကို ကန့်ကွက်ဆန္ဒပြခဲ့စဥ်) (Photo: Nur Photo/Corbis via Getty)

အွန်လိုင်းလွတ်လပ်မှုနဲ့ပတ်သက်ပြီး Freedom House အဖွဲ့အစည်းက နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာက ထိုသို့ သုံးသပ်ပြောကြားထားတာ ဖြစ်ပါတယ်။ Freedom House အစီရင်ခံစာအရ နိုင်ငံ ၆၅ အနက် အနည်းဆုံး နိုင်ငံ ၄၀ မှာ အဆင့်မြင့် ဆိုရှယ်မီဒီယာ စောင့်ကြည့်အစီအစဥ် အထောက်အထား တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်း အင်တာနက်လွတ်လပ်ခွင့်ဟာ ကိုးနှစ်ဆက်တိုက် ကျဆင်းသွားခဲ့ကြောင်းလည်း ထိုအစီရင်ခံစာက ပြောပါတယ်။

နိုင်ငံအချို့မှာ အာဏာပိုင်တွေက ၎င်းတို့ရဲ့ ကြိုးကိုင်ခြယ်လှယ်မှုလုပ်ငန်းစဥ် အစိတ်အပိုင်းတစ်ရပ်အဖြစ် အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ကြပါတယ်။ ထိုအတောအတွင်း အခြားနိုင်ငံတွေကတော့ ဝါဒဖြန့်အဖွဲ့တွေ ဖွဲ့စည်းထားပြီး ဆိုရှယ်မီဒီယာတွေပေါ်မှ သတင်းအချက်အလက်တွေကို လိုရာဆွဲကာ မမှန်မကန် ရေးသားပြောဆိုမှုတွေ လုပ်ဆောင်ကြတယ်လို့ Freedom House အစီရင်ခံစာက ထောက်ပြထားပါတယ်။

(သတင်းမှာတိုက်ဖျက်ရေး Facebook က ဖွဲ့စည်းထားတဲ့ War Room) (Photo: AFP)

"အစိုးရ အများအပြားက ဆိုရှယ်မီဒီယာပေါ်မှာ ဝါဒဖြန့်တာက ဆင်ဆာဖြတ်တောက်တာထက် ပိုကောင်းတယ်ဆိုတာ သိနေကြတယ်၊ ကမ္ဘာတစ်ဝှမ်း အာဏာပိုင်တွေနဲ့ လူထုအကြိုက် နိုင်ငံရေးသမားတွေက မဲနိုင်ရေးအတွက် လူ့သဘာဝရော ကွန်ပျူတာလုပ်ဆောင်ပုံနည်းစနစ် (computer algorithms) ကိုရော အမြတ်ထုတ်နေကြတယ်၊ ဒါက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ဖော်ဆောင်ဖို့ရေးဆွဲထားတဲ့ စည်မျဥ်းတွေကို နင်းခြေပစ်နေတာပဲ" လို့ Freedom House ရဲ့ ဥက္ကဌ မိုက်ခ်အေဗရာမိုဝစ်ဇ်က ပြောပါတယ်။

သတင်းအချက်အလက်အမှားက ရွေးကောက်ပွဲတွေကို ခြယ်လှယ်ရာမှာ အများဆုံးသုံးခဲ့ကြတဲ့ နည်းဗျူဟာဖြစ်ခဲ့ကြောင်းလည်း Freedom House က ထောက်ပြထားပါတယ်။ သုတေသီတွေရဲ့ အဆိုအရ နိုင်ငံ ၆၅ နိုင်ငံအနက် ၄၇ နိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး သို့မဟုတ် ဘာသာရေးနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ပြောဆိုခဲ့မှုအတွက် အဖမ်းခံရသူတွေ ရှိခဲ့ကြောင်း သိရပါတယ်။

(ရွေးကောက်ပွဲမှာ အွန်လိုင်းကနေ ကြားဝင်စွက်ဖက်မှု)

ဒါ့အပြင် အနည်းဆုံး ၃၁ နိုင်ငံမှာ အွန်လိုင်းပေါ်မှ ၎င်းတို့ရဲ့ လှုပ်ရှားပြောဆိုမှုတွေကြောင့် လက်တွေ့အကြမ်းဖက်ခံရမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး အင်တာနက်လွတ်လပ်ခွင့်ကို ချုပ်ကိုင်ထားတဲ့ နိုင်ငံအဖြစ် လေးနှစ်ဆက်တိုက် ရပ်တည်ခဲ့ပြီး တရုတ်အစိုးရက ဟောင်ကောင်ဆန္ဒပြမှု ပေါ်ပေါက်နေချိန်နဲ့ တိန်အန်မင်အရေးအခင်း နှစ် ၃၀ ပြည့်အကြိုကာလမှ အွန်လိုင်းသတင်းအချက်အလက်ကို ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာက ပြောထားပါတယ်။

Freedom House က ပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုအရ နိုင်ငံ ၆၅ နိုင်ငံအနက် အမေရိကန် အပါအဝင် ၃၃ နိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့် ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။ အင်တာနက်လွတ်လပ်ခွင့် ကျဆင်းမှုအများဆုံး နိုင်ငံတွေကတော့ ဆူဒန်နဲ့ ကာဇက်စတန်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

(ပါကစ္စတန်မှ ဆိုရှယ်မီဒီယာစောင့်ကြည့်မှု) (Photo: Asad Zaid/Bloomberg vid Getty)

ထိုနိုင်ငံများနောက်မှာတော့ ဘရာဇီး၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဇင်ဘာဘွေတို့မှာ အင်တာနက်လွတ်လပ်ခွင့် ကျဆင်းမှုအများဆုံး ဖြစ်ခဲ့ကြောင်း အစီရင်ခံစာက ပြောပါတယ်။ အင်တာနက်အသုံးပြုမှုနဲ့ လွတ်လပ်မှု တိုးတက်လာတဲ့ နိုင်ငံ ၁၆ နိုင်ငံ တွေ့ရှိရပြီး အီသီယိုးပီးယားဟာ အကြီးမားဆုံး တိုးတက်တဲ့နိုင်ငံ ဖြစ်ပါတယ်။ အွန်လိုင်းသတင်းမှားနဲ့ စောင့်ကြည့်မှုတွေက မနှစ်မြို့စရာဖြစ်နေသည့်တိုင် နည်းပညာသုံးပြီး ဒီမိုကရေစီ အပြောင်းအလဲကို လှုံ့ဆော်နိုင်မှုကဲ့သို့ အပြုသဘောဆောင်တဲ့ ဥပမာတွေလည်း ရှိနေတယ်လို့ Freedom House ဥက္ကဌ အေဗရာမိုဝစ်ဇ်က ဆိုပါတယ်။

၎င်းက လက်ဘနွန်မှာ ပြုပြင်ပြောင်းလဲရေးအတွက် အွန်လိုင်းမှတစ်ဆင့် စည်းရုံးလှုံ့ဆော်မှုတွေနဲ့အတူ လူထုစုရုံးချီတက် ဆန္ဒပြမှုတွေကို ညွှန်းဆိုပြောကြားခဲ့ပါတယ်။ သို့သော် အစိုးရအချို့က နိုင်ငံရေးအတိုက်အခံတွေ အသုံးပြုကြတဲ့ အက်ပလီကေးရှင်းတွေနဲ့ ဝက်ဘ်ဆိုက်တွေကို အသုံးပြုခွင့် ထိန်းချုပ်ကန့်သတ်ခြင်း သို့မဟုတ် အင်တာနက်ကို ပိတ်ထားခြင်းတို့ လုပ်ဆောင်ကြကြောင်းလည်း Freedom House အစီရင်ခံစာက ဖော်ပြထားပါတယ်။

Source: AFP, Freedom House


ဆက်စပ်အကြောင်းအရာများ


က္က