ရထားပေါ်မှာ သေဆုံးသွားသူဟာ မကြာသေးမီက ပါကစ္စတန်နိုင်ငံမှ ပြန်ရောက်လာသူလို့ ဆိုပါတယ်။
Ko John

ထိုင်းနိုင်ငံမှာ ခရီးသည်တင်ရထားတစ်စီးပေါ် လဲကျသေဆုံးသွားတဲ့ အမျိုးသားတစ်ဦးဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ယနေ့ (ဧပြီ ၁ ရက်) ပြောပါတယ်။

(Photo: AFP)

လက်ရှိအချိန်အထိ ထိုင်းမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ လွန်ခဲ့တဲ့တစ်ပတ်ကထက် သုံးဆကျော် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ရထားပေါ်မှာ သေဆုံးသွားသူဟာ အသက် ၅၇ နှစ်အရွယ်ဖြစ်ပြီး မကြာသေးမီက ပါကစ္စတန်နိုင်ငံမှ ပြန်ရောက်လာသူလို့ ဆိုပါတယ်။



၎င်းဟာ ဘန်ကောက်မြို့မှ ထိုင်းတောင်ပိုင်း နရတ်သီဝပ်ကို ခရီးသွားနေခဲ့တာဖြစ်ပြီး တနင်္လာနေ့ (မတ်လ ၃၀ ရက်) က ရထားပေါ်မတက်ခင်မှာ ချောင်းဆိုးပြီး အော့အန်နေတာကို မြင်ခဲ့ရကြောင်း State Railway of Thailand က ပြောပါတယ်။ ၎င်းရဲ့အလောင်းကို ရထားပေါ်ရှိ သန့်စင်ခန်းအရှေ့မှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
(Photo: Reuters)

အလောင်းတွေ့ရှိရပြီးနောက် ထိုရထားတွဲမှ အခြားခရီးသည်တွေကို ရွှေ့ပြောင်းခဲ့ပြီး တွဲကိုဖြုတ်ချထားခဲ့ပါတယ်။ ထို့နောက် အဆိုပါတွဲနဲ့ ကျန်ရထားတွဲ အားလုံးကို ပိုးသတ်ဆေးဖြန်းခဲ့တယ်လို့ ဆိုပါတယ်။ အလောင်းကို စစ်ဆေးမှုအရ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားနဲ့အတူ ရထားတစ်တွဲတည်းမှာ လိုက်ပါခဲ့ကြတဲ့ ခရီးသည် ၁၅ ဦးရဲ့ အမည်တွေကို ကျန်းမာရေးအာဏာပိုင်းများထံ ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် ပေးပို့ထားကြောင်း သိရပါတယ်။ ရထားပေါ်မှာ သေဆုံးခဲ့တဲ့ အမျိုးသားဟာ ထိုင်းနိုင်ငံကို မည်သည့်အချိန်က ပြန်လည်ရောက်ရှိလာကြောင်း အတိအကျ မသိရသေးဘူးလို့ AFP သတင်းက ဖော်ပြပါတယ်။

(Photo: Bangkok Post)

၎င်းဟာ ပါကစ္စတန်မှာ ဆရာဝန်တစ်ဦးထံမှ မတ်လ ၂၆ ရက် နေ့စွဲဖြင့် ဗိုင်းရပ်စ်ကင်းရှင်းကြောင်းနဲ့ လေယာဥ်စီးနိုင်ကြောင်း ထောက်ခံချက်ရယူလာခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ COVID-19 တိုက်ဖျက်ရေး အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး သံတမန်များနဲ့ ထိုင်းနိုင်ငံသားများမှလွဲပြီး ပြည်ဝင်ခွင့်ပိတ်ထားပါတယ်။

ထိုင်းကိုရောက်ရှိလာသူတွေဟာ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပါရှိရမှာဖြစ်ပြီး ၁၄ ရက်ကြာ ကိုယ်တိုင် သီးခြားခွဲနေထိုင်ပြီး စောင့်ကြည့်မှုခံယူရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ယနေ့ ညပိုင်းအထိ တရားဝင် စာရင်းတွေအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၇၇၁ ဦးနဲ့ သေဆုံးသူ ၁၃ ဦးအထိ မြင့်တက်လာပြီး ပြန်လည်သက်သာသွားသူ ၄၁၆ ဦးရှိကြောင်း သိရပါတယ်။


Author


က္က