ရဲတပ်ဖွဲ့က သံသယရှိသူ တောင်ကိုရီးယားအမျိုးသားတစ်ဦးကို ဖမ်းဝရမ်းထုတ်ထားပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်မှုများပြားတဲ့ ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေနယ်မြေအတွင်းမှာ အသက် ၂၈ နှစ်အရွယ် တောင်ကိုရီးယား အမျိုးသားတစ်ဦး ဓားဖြင့် ၁၇ ချက် အထိုးခံခဲ့ရကြောင်း သိရပါတယ်။

(ဓားထိုးခံရသူကို ဆေးရုံသို့ရောက်ရှိလာစဉ်) (Photo: The Pattaya News)

ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) ဒေသစံတော်ချိန် မနက်အစောပိုင်းက ပတ္တယားတောင်ပိုင်းနယ်မြေ Bang Lamung ခရိုင်မှာ ပါ့ခ်ဂျင်ဟွန်း (Park Jinhyung) အမည်ရှိ တောင်ကိုရီးယားအမျိုးသားကို ဓားထိုးခံခဲ့ရတာ ဖြစ်ပါတယ်။ လူအသွားအလာပြတ်တဲ့ Sen Rong Moo လမ်းမမှာ ဓားထိုးမှုဖြစ်ကြောင်း ထိုနေ့မနက် ၂ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ထံ အကြောင်းကြားမှု လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။



ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးမှုအရ တောင်ကိုရီးယားအမျိုးသားဟာ ဓားဒဏ်ရာများနဲ့အတူ သွေးအိုင်ထဲမှာ လဲကျနေတာတွေ့ရပါတယ်။ ဓားဒဏ်ရာပြင်းထန်မှုကြောင့် ၎င်းရဲ့အူများပင် ထွက်ကျနေခဲ့ကြောင်းလည်း သိရပါတယ်။ ဓားဖြင့် ရက်ရက်စက်စက် အထိုးခံထားရတဲ့ ပါ့ခ်ဂျင်ဟွန်းရဲ့အနီးမှာ အဖြူရောင် BMW X5 ကားတစ်စီးကို တွေ့ရပါတယ်။

(BMW ကားနောက်ခန်းမှာ တွေရသည့် သက်သေပစ္စည်းများ) (Photo: The Pattaya News)

အဆိုပါကားဟာ ယာဉ်လမ်းကြောကို ပြောင်းပြန်အနေအထားဖြင့် ရပ်တန့်ထားပြီး ကားနောက်ခန်းတံခါးမှာ ပွင့်လျက်သားဖြစ်ပါတယ်။ ကားအတွင်း စစ်ဆေးရာမှာ ကားနောက်ခန်း ထိုင်ခုံပေါ်မှာ သွေးများစွန်းထင်းနေပြီး ဓားတစ်လက်နဲ့ လက်အိတ်တစ်ဖက် တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

BMW X5 ရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာတော့ Mercedes-Benz ကားတစ်းရဲ့သော့နဲ့ ထိုင်းဘတ်ငွေ ၄၀,၀၀၀ ကိုလည်း တွေ့ခဲ့ရပါတယ်။ အသက် ၃၃ နှစ်အရွယ် အငှားယာဉ်မောင်း Wichian Wiyasing က သွေးများစွာထွက်နေတဲ့ တောင်ကိုရီးယားအမျိုးသားကို စတင်တွေ့ရှိခဲ့ပြီး ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

(ဓားဖြင့် ၁၇ ချက် အထိုးခံခဲ့ရတဲ့ တောင်ကိုရီးယားအမျိုးသား) (Photo: CTN News)

ဓားထိုးခံထားရတဲ့ တောင်ကိုရီးယားအမျိုးသားက BMW ကားထဲကနေ ဒယိမ်းဒယိုင်ဖြင့် ထွက်လာခဲ့ကာ ၎င်းကို ကူညီရန်ပြောခဲ့ပြီးနောက် Wichian Wiyasing ရဲ့ အငှားယာဉ်ရှေ့မှာ လဲကျသွားခဲ့ပါတယ်။ ဓားထိုးခံထားရတဲ့ အမျိုးသားက ၎င်းကို ဓားဖြင့်ထိုးခဲ့သူတွေ ထွက်ပြေးသွားကြတယ်လို့ Wichian Wiyasing ကို ပြောခဲ့ကြောင်း သိရပါတယ်။

ထို့နောက် အငှားယာဉ်မောင်းက ရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားအမျိုးသားရဲ့ မိန်းကလေးလက်တွဲဖော် အသက် ၃၁ နှစ်အရွယ် Ampha Phaking ရဲ့ အဆိုအရ ညသန်းခေါင်အချိန်ခန့်မှာ ၎င်းကို ဆက်သွယ်လို့မရတော့ဘူးလို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။

(အခင်းဖြစ်နေရာမှ သွေးကွက်များကိုတွေ့ရစဉ်) (Photo: The Pattaya News)

ပါ့ခ်ဂျင်ဟွန်းဟာ သူမ သိထားရသမျှ မည်သူနဲ့မှ ပြဿနာမဖြစ်ခဲ့ဖူးကြောင်းလည်း Ampha Phaking ကဆိုပါတယ်။ ယခုအမှုမှာ တောင်ကိုရီးယားအမျိုးသားကို အနည်းဆုံး လူသုံးဦးက တိုက်ခိုက်ခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ BMW ကားအတွင်းမှ ငွေတွေကို ယူဆာင်သွားခြင်းမရှိတာကြောင့် ယခုအမှုဟာ စီးပွားရေးကိစ္စ အငြင်းပွားမှု သို့မဟုတ် ပုဂ္ဂိုလ်ရေးကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ဖြစ်ပွားခဲ့ပုံရတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

(ရဲက ဖမ်းဝရမ်းထုတ်ထားသည့် သံသယရှိသူ) (Photo: The Pattaya News)

နောက်ဆုံးသိရတဲ့ သတင်းအရ ဓားဖြင့် ၁၇ ချက် အထိုးခံခဲ့ရတဲ့ တောင်ကိုရီးယားအမျိုးသားဟာ ဆေးရုံမှာ သတိမေ့မြောနေဆဲဖြစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့က သံသယရှိသူ အသက် ၃၈ နှစ်အရွယ် တောင်ကိုရီးယားအမျိုးသားတစ်ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ရှာဖွေနေကြောင်း သိရပါတယ်။

Source: Bangkok Post, The Pattaya News



က္က