လူဦးရေထောင်နဲ့ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ စစ်တပ်လက်နက်သိုလှောင်ရုံတစ်ခုမှာ ကြီးမားတဲ့ ပေါက်ကွဲမီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လူဦးရေထောင်နဲ့ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။

(Photo: Reuters)

ရုရှားလက်နက်တိုက် ပေါက်ကွဲမှုကြောင့် လူရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး သုံးဦးကို ဆေးရုံတင်ထားရတယ်လို့ ကနဦး သတင်းတွေက ပြောပါတယ်။ ထပ်မံသိရတဲ့ သတင်းအရ လက်နက်တိုက်ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ Krasnoyarsk မြို့အနောက်ဘက် Achinsk မြို့ငယ်အနီးရှိ ရုရှားလက်နက်တိုက်မှာ တနင်္လာနေ့ (သြဂုတ် ၅ ရက်) က ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။



ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တဲ့ လက်နက်တိုက်ထဲမှာ အမြောက်ဆံ ထောင်ပေါင်းများစွာ သိုလှောင်ထားရှိတယ်လို့ ဆိုပါတယ်။ လက်နက်တိုက် ပေါက်ကွဲမီးလောင်မှုဟာ နေ့ပိုင်းအချိန်တစ်လျှောက်လုံးအပြင် ညဘက်ရောက်တဲ့အထိ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။

(Photo: screen capture from Ruptly video)

လက်နက်တိုက် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ဒေသမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ လက်နက်အနီး နွေရာသီစခန်းရှိ ကလေးတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး စစ်တပ်အခြေစိုက်စခန်းမှာရှိနေတဲ့ စစ်သားတွေက ဗုံးခိုကျင်းတွေထဲမှာ ဝင်ရောက်ခိုလှုံခဲ့ကြရပါတယ်။

လက်နက်တိုက်အနီးရှိ ဒေသခံ ၃,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်းနဲ့ နောက်ထပ် လူဦးရေ ၁၁,၀၀၀ ကိုလည်း ရွှေ့ပြောင်းရန်အတွက် အသင့်ပြင်ဆင်ထားစေခဲ့ကြောင်း Achinsk မြို့ အာဏာပိုင်တွေက ရုရှားသတင်းဌာန TASS ကို ပြောပါတယ်။ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမဲ့ လူသားအမှားကြောင့်လို့ ယုံကြည်ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒီမီထရီ ဘူလ်ဂါကော့ဗ်က ဆိုပါတယ်။

(Photo: Reuters)

လက်နက်တိုက်တည်ရှိရာ Krasnoyarsk မြို့ဧရိယာဟာ ဆိုက်ဘေးရီးယားမှာ လတ်တလော သီတင်းပတ်များအတွင်း ဖြစ်ပွားနေခဲ့တဲ့ တောမီးလောင်မှုတွေ သက်ရောက်မှုရှိခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ပုံမှန်ထက် အပူချိန်လွန်ကဲမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဆိုက်ဘေးရီးယားဒေသမှာ တောမီးလောင်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။

Achinsk မြို့ငယ်အနီးရှိ လက်နက်တိုက်ဟာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့ စစ်လက်သိုလှောင်ရုံများအနက် သက်တမ်းအကြာဆုံးတစ်ခုဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာ ဖျက်သိမ်းရန် သတ်မှတ်ထားခဲ့ကြောင်း TASS သတင်းဌာနက ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြပါတယ်။


Share

Loading Next Article...
က္က