ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆေးဝါးလေးမျိုး ပေါင်းစပ်အသုံးပြုပြီး ကလေးငယ်ကို ကုသခဲ့ပါတယ်။
Ko John

ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး COVID-19 လူနာ ကလေးငယ် နေပြန်ကောင်းသွားခဲ့ပြီလို့ ဆိုပါတယ်။

(Photo: Getty Images)

COVID-19 ကူးစက်ခံရတဲ့ အသက်တစ်လအရွယ် နို့စို့ကလေးငယ်ကို ဆရာဝန်အဖွဲ့တစ်ဖွဲ့က ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးများပါဝင်တဲ့ ပေါင်းစပ်ဆေးဖြင့် ကုသပေးခဲ့ရာ ပြန်လည်သက်သာပြီး နေပြန်ကောင်းသွားခဲ့ကြောင်း ဆရာဝန်တစ်ဦးက ဧပြီ ၂၂ ရက်နေ့မှာ ပြောပါတယ်။

ဆေးဝါးဆိုင်ရာ ပညာရှင်တွေနဲ့ အခြား ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အနီးကပ် အကြံပေးမှုများအရ ဆရာဝန်အဖွဲ့က ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆေးဝါးလေးမျိုး ပေါင်းစပ်အသုံးပြုပြီး ကလေးငယ်ကို ကုသရန်ဆုံးဖြတ်ခဲ့ကြကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

"ဒီကလေးကို ကုသတဲနည်းကတော့ သူ့ကို ၁၀ ရက်ကြာ ဆေးပေးခဲ့တာပါ၊ သူ့ရဲ့ ကျန်းမာရေးကို နေ့တိုင်း စစ်ဆေးခဲ့ပါတယ်၊ သုံးရက်ကနေ ငါးရက်ကြာပြီးနောက် သူ့ရဲ့ဓာတ်မှန်အဖြေအရ တဖြည်းဖြည်း ပြန်လည်သက်သာလာတဲ့ လက္ခဏာတွေ တွေ့ခဲ့ရပါတယ်" လို့ ဘန်ကောက်မြို့ရှိ Bamrasnaradura Infectious Diseases Institute မှာ နို့စို့ကလေးငယ်ကို ကုသပေးခဲ့တဲ့ ကလေးအထူးကုဆရာဝန် Visal Moolasart က ပြောပါတယ်။

စိတ်ချရတဲ့ ဆေးဝါးများ ကန့်သတ်ချက်တွေကြောင့် အသက်တစ်နှစ်အောက် COVID-19 လူနာ ကလေးငယ်တွေကို ကုသရာမှာ စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း အသက်ငယ်ရွယ်တဲ့ ကလေးတွေမှာ ဖြစ်ပွားတဲ့ရောဂါလက္ခဏာက အရွယ်ရောက်ပြီးသူတွေလောက် မပြင်းထန်ဘူးလို့ Visal Moolasart ဆိုပါတယ်။

(Photo: AFP)

ထိုင်းနိုင်ငံမှာ ဧပြီ ၂၂ ရက်နေ့က COVID-19 အတည်ပြုလူနာအသစ် ၁၅ ဦး စစ်ဆေးတွေ့ရှိရပြီး သေဆုံးသူ ၁ ဦးတိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ ထိုင်းမှာ COVID-19 ကူးစက်ခံရသူ ၂,၈၂၆ ဦးနဲ့ သေဆုံးသူ ၄၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။ ကူးစက်ခံရသူ အသစ်တွေ့ရှိမှုနှုန်း နှေးကွေးလာပေမဲ့ ထိုင်းအာဏာပိုင်တွေက သတိပေးမှုများ ဆက်လက် ထုတ်ပြန်ထားပြီး COVID-19 ကို ထိန်းချုပ်ရန် အကောင်းဆုံးနည်းမှာ ပြည်သူလူထုက အိမ်မှာနေကြခြင်းနဲ့ အချင်းချင်း ခပ်ခွာခွာနေကြခြင်း ဖြစ်တယ်လို့ ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က