လူငယ်တွေက COVID-19 ထိန်းချုပ်ရေး လူစုလူဝေးမလုပ်ရန် တားမြစ်ထားမှုကို ဖီဆန်ပြီး စုရုံးဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ ရာနဲ့ချီတဲ့ လူငယ်ဆန္ဒပြသူတွေက စာတန်းများရေးသားဖော်ပြထားတဲ့ ၎င်းတို့ရဲ့ တက်ဘလက်များကိုင်ဆောင်ပြီး ၎င်းတို့ရဲ့ မိုဘိုင်းဖုန်းဓာတ်မီးများကို ဝှေ့ယမ်းလျက် ထိုင်းအစိုးရ နုတ်ထွက်ရန်နဲ့ လွှတ်တော်ကိုဖျက်သိမ်းရန် ဇူလိုင် ၂၃ ရက် ညပိုင်းက စုရုံးဆန္ဒပြခဲ့ကြပါတယ်။

(Photo: Reuters)

ဆန္ဒပြလူငယ်တွေက COVID-19 ထိန်းချုပ်ရေး လူစုလူဝေးမလုပ်ရန် တားမြစ်ပိတ်ပင်ထားမှုကို ဖီဆန်ပြီး စုရုံးဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ "Free Youth" လို့ခေါ်တဲ့ ကျောင်းသားကွန်ရက်တစ်ခုက ဘန်ကောက်မြို့ ဆင်ခြေဖုံးနေရာတွေမှာ စုရုးခဲ့ကြပြီးနောက် စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ တစ်နှစ်သက်တမ်းရှိ အရပ်သားအစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။



ဝန်ကြီးချုပ်ပရာယွတ်ဟာ လွန်ခဲ့တဲ့ခြောက်နှစ်က ရွေးကောက်ခံအစိုးရကို စစ်အာဏာသိမ်းမှုဖြဒင့် ဖြုတ်ချခဲ့စဥ်က စစ်တပ်အကြီးအကဲအဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ "ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲဖို့ တောင်းဆိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေက အခွင့်အရေးတွေနဲ့ လွတ်လပ်မှုကို အားမပေးလို့ပါပဲ၊ ဒီဟာက ၂၀၁၄ စစ်အာဏာသိမ်းမှုက‌နေ အမွေဆက်ခံခဲ့တာပါ" လို့ အသက် ၂၅ နှစ်အရွယ် ဆန္ဒပြကျောင်းသား Thanachai Aurlucha က ပြောပါတယ်။

(Photo: Reuters)

သူမရဲ့အမည်ကို Fufu လို့ မိတ်ဆက်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ဆန္ဒပြကျောင်းသူတစ်ဦးကလည်း အစိုးရဟာ စီးပွားရေးတိုးတက်ရန် မလုပ်ဆောင်ခဲ့ဘူးလို့ ဆိုပါတယ်။ "ကျွန်မတို့က ဘွဲ့ရတော့မယ်၊ ဒါပေမဲ့ ကျွန်မတို့ အသက်မွေးဝမ်းကြောင်းမှုတစ်ခု ဘယ်လိုလုပ်သွားရမယ်ဆိုတာ မသိပါဘူး၊ ဒီနေ့ ကျွန်မတို့ ထွက်မလာခဲ့ရင် အနာဂတ်ရှိလာမှာ မဟုတ်ပါဘူး" လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် Ron လို့ မိတ်ဆက်ခဲ့တဲ့ ဆန္ဒပြသူတစ်ဦးကတော့ "ထိုင်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီအတွက် ကျွန်တော် လိုချင်ပါတယ်" လို့ ပြောခဲ့ပါတယ်။ Fufu နဲ့ Ron တို့ နှစ်ဦးလုံးက ၎င်းတို့ရဲ့ အမည်အမှန်တွေကိုတော့ ပြောကြားရန် ငြင်းဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

စုရုံးချီတက်မှုဟာ COVID-19 ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက် ချိုးဖောက်ခြင်းဖြစ်တာကြောင့် ဥပဒေနဲ့မညီကြောင်း အရာရှိတွေ သတိပေးခဲပါတယ်။ သို့သော် ယမန်နေ့ ညပိုင်းအချိန် လူငယ်များ စုံရုံးဆန္ဒပြကြစဥ် ရဲတပ်ဖွဲ့ ဖြန့်ကျက်ချထားမှု မတွေ့ရဘဲ ဆန္ဒပြသူအများအပြားက ဆန့်ကျင်ဆန္ဒပြမှု အမှတ်အသားအဖြစ် လက်သုံးချောင်းထောင်ထားခဲ့ကြပါတယ်။

ဘန်ကောက်အပြင် Ayutthaya, Khon Kaen, Sakon Nakhon နဲ့ Pattani တို့မှာလည်း အလားတူ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ကြောင် သိရပါတယ်။ ဘန်ကောက်မြို့မှာ စနေနေ့ (ဇူလိုင် ၁၈ ရက်) ကလည်း လူ ၂,၅၀၀ ခန့် ပါဝင်ကြတဲ့ ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။

(Photo: Reuters)

ထိုင်းနိုင်ငံမှာ လတ်တလော လပိုင်းအတွင်း ဝန်ကြီးချုပ်ပရာယွတ်ကို လူထုဆန့်ကျင်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ ယမန်နှစ် ရွေးကောက်ပွဲနောက်ပိုင်း တရားရုံးတစ်ခုက ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး အတိုက်ခံပါတီကို ဖျက်သိမ်းမိန့်ချမှတ်ခဲ့ရာ ဝန်ကြီးချုပ်ပရာယွတ်ရဲ့ အာဏာရညွန့်ပေါင်းအုပ်စုက လွှတ်တော်မှာ အခိုင်အမာ လွှမ်းမိုးခွင့်ရသွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 ထိန်းချုပ်ကာကွယ်ရေး အရေးပေါ်အခြေအနေကို ဩဂုတ်လကုန်အထိ တိုးချဲ့ထုတ်ပြန်ထားပါတယ်။ သို့သော် အဆိုပါ အရေးပေါ်အခြေအနေဟာ COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက်သာ အသုံးပြုရမှာဖြစ်ပြီး စုရုံးချီတက်မှုတွေမှာ အသုံးပြုခွင့်မရှိကြောင်း နိုင်ငံတော်လုံခြုံရေးကောင်စီက (National Security Council) က ပြောထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က