ဆေးခြောက်မှထုတ်လုပ်ထားတဲ့ ဆေးဝါးများဖြင့် ကုသပေးမှာပါ။

ဆေးဖြစ်ဝါးဖြစ် ဆေးခြောက်လုပ်ငန်း ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်နေတဲ့ ထိုင်းအစိုးရက ဆေးခြောက်အခြေခံ ဆေးဝါးများဖြင့် ကုသပေးတဲ့ ပထမဆုံး အချိန်ပြည့် ဆေးခန်းတစ်ခန်းကို ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

(Photo: Jorge Silva/Reuters)

ယမန်နေ့ (ဇန်နဝါရီ ၆ ရက်) က စတင်ဖွင့်လှစ်လိုက်တဲ့ အဆိုပါ ဆေးခန်းမှာ ရိုးရာတိုင်းရင်းဆေးနဲ့ ဆေးခြောက်အခြေခံ ဆေးဝါးများဖြင့် ရောဂါကုသမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ "ဒါက စမ်းသပ်ဖွင့်လှစ်လိုက်တဲ့ ဆေးခန်းတစ်ခန်းပါ၊ ဘာကြောင့်လဲဆိုတာ့ ကျွန်တော်တို့မှာက ဆေးခြောက်နဲ့ပတ်သက်ပြီး ကျွမ်းကျင်ဆရာဝန်တွေ လုံလုံလောက်လောက် မရှိသေးဘူးလေ" လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆေးခန်းဖွင့်ပွဲ အခမ်းအနားအတွင်း သတင်းထောက်တွေကို ပြောပါတယ်။



(Photo: Reuters)

ဆေးခြောက်မှထုတ်လုပ်ထားတဲ့ ဆေးဝါးများဖြင့် ကုသပေးမယ့် ထိုဆေးခန်းမှာ ပထမ သီတင်းနှစ်ပတ်အတွင်း လူနာတွေကို အခမဲ့ ကုသပေးသွားမယ်လို့လည်း သိရပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံတစ်ဝှမ်း ဆေးခြောက်ဆေးခန်း ၇၇ ခုအထိ တိုးချဲ့ဖွင့်လှစ်သွားရန် စီစဥ်ထားကြောင်း ကျန်းမာရေးဝန်ကြီးက ဖြည့်စွက်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို နာကျင်မှုနဲ့ ပင်ပန်းနွမ်းနယ်မှု ပြေပျောက်စေရန် ဆေးဝါးအဖြစ် သုံးစွဲကြတဲ့ အလေ့အထရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ စိုက်ပျိုးရေးဝင်ငွေ တိုးမြင့်စေရန် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာနဲ့ သုတေသနအတွက် အသုံးပြုမှုကို ထိုင်းအစိုးရက တရားဝင်ခွင့်ပြုခဲ့ပါတယ်။

(Photo: AFP)

ထိုင်းနိုင်ငံတစ်ဝှမ်း ယခင်ကတည်းက အထွေထွေရောဂါကုဆေးရုံတွေမှာ တွဲဖက်ဖွင့်လှစ်ထားတဲ့ ဆေးခြောက်ဆေးခန်း ၂၅ ခုဝန်းကျင်ရှိခဲ့ပေမဲ့ ယခု အသစ်ဖွင့်လှစ်လိုက်တဲ့ ဆေးခန်းကဲ့သို့ သီးခြား အချိန်ပြည့် ဆေးခန်းများမဟုတ်ဘဲ ကျွမ်းကျင်ဝန်ထမ်းမရှိတာကြောင့် တစ်ပတ်လျှင် သတ်မှတ်ရက်များမှာသာ ဆေးကုသပေးခဲ့ပါတယ်။

ဘန်ကောက်မှာ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်လိုက်တဲ့ ဆေးခြောက်ဆေးခန်းမှာ နေ့စဥ် လူနာ ၂၀၀ နဲ့ ၃၀၀ ကြား လာရောက်ကုသမှုခံယူကြဖွယ်ရှိပါတယ်။ "ပထမတော့ ကျွန်မ စိုးရိမ်မိခဲ့တယ်၊ ဒါပေမဲ့ အကျိုးသက်ရောက်မှုကို လေ့လာပြီးနောက်မှာ ဒါက သဘာဝဖြစ်လို့ ပိုကောင်းမယ်လို့ ဆုံးဖြတ်ပြီး ကုသမှုခံယူခဲ့ပါတယ်" လို့ အိပ်မပျော်တဲ့ ပြဿနအတွက် ဆေးခြောက်အဆီ သုံးစွဲနေသူ အသက် ၆၉ နှစ်အရွယ် Waraporn Boonsri အမည်ရှိ အမျိုးသမီးက ပြောပါတယ်။

(Photo: Jorge Silva/Reuters)

မတ်လအထိ ဆေးခြောက်အခြေခံ ဆေးဝါများဖြင့် ဆေးကုသမယ့် လူနာ ၂,၂၀၀ စာရင်းပေးသွင်းထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ လက်ရှိအချိန်မှာ ဆေးကုသမှုအတွက် ဆေးခြောက်ထုတ်လုပ်နေတဲ့ အကြီးဆုံးလုပ်ငန်းဟာ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစိုးရ ဆေးဝါးထုတ်လုပ်ရေး အဖွဲ့အစည်း ဖြစ်ပါတယ်။

Kasetsart တက္ကသိုလ်က ကျန်းမာရေးဝန်ကြီးဌာနကို ဆေးခြောက် ၂,၂၀၀ ကီလိုဂရမ် ပေးသွင်းခဲ့ကြောင်း အဆိုပါတက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာ ဆေးခြောက်သုတေသနဌာနမှ ညွှန်ကြားရေးမှူး Natakorn Thasnas က Reuters သတင်းဌာနကို ပြောပါတယ်။ ထိုင်းမှာ လာမယ့် လေးနှစ်အတွင်း ဆေးခြောက် စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချမှုကို အကန့်အသတ်ဖြင့် တရားဝင် လိုင်စင်ချထားပေးသွားမယ်လို့ ဆိုပါတယ်။

(Photo: AFP)

လက်ရှိမှာ ဆေးရုံများနဲ့ သုတေသနဌာနများကသာ ဆေးခြောက်ထုတ်လုပ်ခွင့် လိုင်စင်လျှောက်ထားနိုင်သေးပြီး ထိုင်းအစိုးရက စီးပွားရေးလုပ်ငန်းတွေကိုလည်း လိုင်စင်ချထားပေးနိုင်ရန် သုံးသပ်နေပါတယ်။ ယမန်နှစ်အတွင်း ထိုင်းအစိုးရက ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ခဲ့ပြီး အိမ်ထောင်စုတစ်ခုလျှင် ဆေးခြောက်ပင် ခြောက်ပင်စိုက်ပျိုးခွင့်ပြုရန် ဥပဒေမူကြမ်းတစ်ရပ်ကို အဆိုပြုခဲ့ကြောင်း သိရပါတယ်။



Share

Loading Next Article...
က္က