COVID-19 စိုးရိမ်မှုတွေရှိနေကြတဲ့ ရုပ်ရှင်ပရိသတ်တွေက ကားပေါ်ကနေ ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်သစ်ကို ရောက်လာပါတယ်။

ရုပ်ရှင်ကို မြင်ကွင်းကြီးကြီးနဲ့ ကြည်ရှုချင်ကြပေမဲ့ COVID-19 စိုးရိမ်မှုတွေရှိနေခဲ့ကြတဲ့ ထိုင်းနိုင်ငံမှ ရုပ်ရှင်ပရိသတ်တွေက ကားပေါ်ကနေ ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်သစ်ကို ယမန်နေ့ (ဇူလိုင် ၂ ရက်) က စုပြုံရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ကားပေါ်မှကြည့်ရှုနိုင်တဲ့ ရုပ်ရှင်ရုံသစ်နေရာမှာ အအေးပေးစနစ်သစ်ကို ပြုလုပ်ထားပြီး ပူအိုက်တဲ့ညမှာလည်း ကားတွေပေါ်ကနေ သက်သောင့်သက်သာ ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။ ဘန်ကောက်မြို့ရှ ကားရပ်နားတဲ့နေရာတစ်ခုမှာ ဖွင့်လှစ်လိုက်တဲ့ လဟာပြင် ရုပ်ရှင်ရုံကို ယမန်နေ့ညက ကားအစီးရေ ၈၀ ခန့်ဖြင့် ရုပ်ရှင်ပရိသတ်များ လာရောက်ကြည့်ရှုခဲ့ကြပြီး Trolls World Tour အန်နီးမေးရှင်းဇာတ်ကားကို ပြသခဲ့ပါတယ်။



ရုပ်ရှင်ရုံနေရာရှိ ကားများကို စက်ရပ်ပြီး အဲယားကွန်းမသုံးဘဲ ပြတင်းပေါက်ဖွင့်ထားပေမဲ့ အပူဒဏ်မခံရစေရန် စီစဥ်သူတွေက ပလတ်စတစ်ပိုက်လိုင်းများမှတစ်ဆင့် လေအေးပေးစနစ်ကို ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။ ဘန်ကောက်မြို့ရဲ့ ညအပူချိန်ဟာ ၂၈ ဒီဂရီဆဲလ်စီးယပ်ရှိနေခဲ့ပြီး ယခု ရုပ်ရှင်ရုံနေရာက အပူချိန် မည်မျှအထိမှာ သက်သောင့်သက်သာ ဖြစ်နေနိုင်ကြောင်း မသေချာဘူးလို့ ကားပေါ်ကနေ ရုပ်ရှင်လာကြည့်သူ Sasanan Thanasankulang က ပြောပါတယ်။

(Photo: Reuters)

"အမေနဲ့အတူ ကျွန်မ ရုပ်ရှင်လာကြည့်တာ၊ အမေ့ကို ကားပေါ်ကနေ ကြည့်ရှုရတဲ့ ရုပ်ရှင်ရုံသစ် အတွေ့အကြုံရအောင်လို့ပါ၊ ကားပေါ်ကနေ ကြည့်ရှုရတဲ့ ဒီရုပ်ရှင်ရုံက အပူချိန်နဲ့ စိုစွတ်မှုကို ဘယ်လို ဖြေရှင်းမလဲဆိုတာတော့ ကျွန်မတို့ သိချင်မိတယ်၊ ကားတွေကို စက်ရပ်ပြီး အဲယားကွန်းလည်း မဖွင့်ထားဘူးလေ" လို့ သူမက ဆိုပါတယ်။

ထိုင်းဟာ အာရှဒေသမှာ COVID-19 ထိန်းချုပ်မှု အောင်မြင်ခဲ့တဲ့ နိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ ၃၈ ရက်အတွင်း ပြည်တွင်းကူးစက်မှု မရှိခဲ့ကြောင်းလည်း သိရပါတယ်။ ဇူလိုင် ၂ ရက်အထိ ကိန်းဂဏန်းတွေအရ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၃,၁၇၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ၅၈ ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

ကပ်ရောဂါကြောင့် ဆိုးရွားစွာ ထိခိုက်ခဲ့တဲ့ စီးပွားရေးကို နာလန်ပြန်ထူရန် ထိုင်းအစိုးရက ကူးစက်မှုထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက် အများစုကို ဖြေလျှော့ပေးခဲ့ပါတယ်။ ထိုင်းမှာ ဘားဆိုင်များ၊ ကာရာအိုကေနဲ့ အနှိပ်ခန်းများကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီလို့ ဆိုပါတယ်။

ထိုင်းရုပ်ရှင်ရုံတွေကိုတော့ ထိုင်ခုံအရေအတွက် ကန့်သတ်ပြီး ပုံမှန်ပိုးသတ်ဆေးဖြန်းခြင်း စည်းမျဥ်းစည်းကမ်းများဖြင့် ပြန်ဖွင့်ထားခဲ့တာ တစ်လကြာပြီဖြစ်ပါတယ်။ သို့သော် သူမရဲ့ကားထဲကနေ ရုပ်ရှင်ကြည့်ရတာက ပိုမို ဘေးကင်းလုံခြုံတယ်လို့ ခံစားရကြောင်း ရုပ်ရှင်ပရိသတ်တစ်ဦးဖြစ်သူ Apitchaya Doungsuwan က ပြောပါတယ်။

(Photo: Reuters)

ကားပေါ်ကနေ ကြည့်ရှုရတဲ့ ယခု ရုပ်ရှင်ရုံသစ်မှာ ကားတစ်စီးကို ထိုင်းဘတ်ငွေ ၁,၂၀၀ (မြန်မာကျပ်ငွေ ၅၂,၀၀၀ ကျော်) ပေးရပြီး ပြောင်းဖူးပေါက်ပေါက်နဲ့ အအေးဖိုးလည်း ပါဝင်ကြောင်း သိရပါတယ်။ "ကျွန်မက အသစ်တွေကို စမ်းကြည့်ချင်တယ်၊ ပြီးတော့ ရုပ်ရှင်ရုံတွေမှာက COVID-19 ကူးစက်ခံရမှာကို နည်းနည်း စိုးရိမ်တယ်၊ ဒီည ကားပေါ်ကနေ ရုပ်ရှင်လာကြည့်တာ အဆင်ပြေတယ်ဆိုရင် ကျွန်မတို့ နောက်ထပ်လည်း လာကြည့်မှာပဲ" လို့ Apitchaya Doungsuwan က ဆိုပါတယ်။ 

Share

Loading Next Article...
က္က