အစိုးရအဖွဲ့ ပြောင်းလဲရန်နဲ့ စစ်တပ်ညွှန်ကြားမှုဖြင့် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန် တောင်းဆိုကြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယမန်နေ့ (ဩဂုတ် ၁၆ ရက်) က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကြရာ လူဦးရေ ၁၀,၀၀၀ ကျော် ပါဝင်ခဲ့ကြပြီး ခြောက်နှစ်ကျော်အတွင်း အကြီးဆုံး နိုင်ငံရေးဆန္ဒပြပွဲ ဖြစ်လာခဲ့ပါတယ်။

(Photo: AFP)

ကျောင်းသားများက ဦးဆောင်ပြီး ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းခေါင်းဆောင်ဖြစ်သူ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ စစ်တပ်ပါဝင်တဲ့ ၎င်းရဲ့အစိုးရအဖွဲ့ကို ကန့်ကွက်ရှုတ်ချတဲ့ နေ့စဥ် ဆန္ဒပြမှုတွေ ပြီးခဲတဲ့ လအတွင်း ထိုင်းနိုင်ငံတစ်ဝန်း ပေါ်ပေါက်နေခဲ့ပါတယ်။ ဩဂုတ် ၁၀ ရက်နေ့ကလည်း ဘန်ကောက်မြို့မှာ လူဦးရေ ၄,၀၀၀ ပါဝင်တဲ့ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။



ယမန်နေ့ ညနေပိုင်းမှာ ဆန္ဒပြသူတွေက ဘန်ကောက်မြို့ရှိ ဒီမိုကရေစီအထိမ်းအမှတ် မော်ကွန်းကျောက်တိုင် (Democracy Monument) တစ်ဝိုက် အသွားအလာ ရှုပ်ထွေးများပြားတဲ့ လမ်းဆုံတွေမှာ စုရုံးခဲ့ကြပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုခဲ့ကြပါတယ်။

(Photo: PTI)

ဘန်ကောက်မြို့ရှိ Democracy Monument ကို သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်စေခဲ့တဲ့ ၁၉၃၂ ခုနှစ် တော်လှန်ရေးအထိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ယမန်‌နေ့ ညနေပိုင်း ဆန္ဒပြပွဲနေရာ ပတ်ဝန်းကျင်ရှိ အဓိက လမ်းမတွေကို ယာဥ်ကြောပိတ်ဆို့မှု မဖြစ်စေရန် ရဲတပ်ဖွဲ့က ပိတ်ထားခဲ့ပါတယ်။

ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ပြောကြားမှုအရ ည‌နေ ၆ နာရီမှာ ဆန္ဒပြလူအုပ်စုဟာ လူဦးရေ ၁၀,၀၀၀ အထိ များပြားလာခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြပွဲအတွင်း ကျောင်းသားတွေက "အာဏာရှင်စနစ်ကျဆုံးပါစေ" လို့ သံပြိုင်ကြွေးကြော်ကြပြီး အများအပြားက အစိုးရကို အပြစ်တင်ဝေဖန်ထားတဲ့ ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြပါတယ်။

(Photo: AFP)

အခြား ဆန္ဒပြသူတွေက ငြိမ်းချမ်းရေးသင်္ကေတ ငှက်ရုပ်ပုံတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီအထိမ်းအမှတ် မော်ကွန်းကျောက်တိုင်မှာ ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြပွဲဟာ ၂၀၁၄ ခုနှစ်အတွင်း ပရာယွတ်ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းမှုဖြင့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း အကြီးဆုံး လူထုဆန္ဒပြပွဲ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ညီမဖြစ်သူ ဝန်ကြီးချုပ်ယင်လတ် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီး ထိုစဥ်က အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးပရာယွတ်က ယမန်နှစ် ရွေးကောက်ပွဲနဲ့အတူ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

(Photo: AFP)

ဆန္ဒပြသူတွေက အစိုးရတစ်ဖွဲ့လုံးကို ပြောင်းလဲရန်နဲ့ စစ်တပ်ညွှန်ကြားမှုဖြင့် ရေးဆွဲခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန် တောင်းဆိုခဲ့ကြပါတယ်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေက ယမန်နှစ် ရွေးကောက်ပွဲမှာ ပရာယွတ်ရဲ့ စစ်တပ်ပါဝင်တဲ့ ပါတီကို အခွင့်အရေးရစေခဲ့တယ်လို့ ဆန္ဒပြသူတွေက ယုံကြည်ထားကြပါတယ်။ ဆန္ဒပြပွဲစီစဥ်သူ Tattep Ruangprapaikitseree က တောင်းဆိုမှုတွေကို ယမန်နေ့မှာ ထပ်မံ အခိုင်အမာ ပြောဆိုခဲ့ပြီး အစိုးရအနေနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်နေမှု ရပ်တန့်ရမယ်လို့လည်း ဖြည့်စွက် ပြောခဲ့ပါတယ်။

"စက်တင်ဘာလမှာ အစိုးရဆီကနေ ကောင်းတဲ့တုံ့ပြန်မှု မရှိလာခဲ့ရင် ကျွန်တော်တို့ နောက်တစ်ဆင့်တက်မှာပါ" လို့ Tattep က ဆန္ဒပြလူအုပ်ကြီးကို အော်ဟစ်ပြောကြားခဲ့ပါတယ်။ ထိုင်းမှာ အာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူ သုံးဦးကို ဖမ်းဆီးမှုနဲ့အတူ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။ အဖမ်းခံရသူ သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ခဲ့ပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က