ရဲအရာရှိဟောင်းကိုလည်း တာဝန်ကျရဲအရာရှိတစ်ဦးက ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့ပါတယ်။
Ko John

ထိုင်းနိုင်ငံ ချန်သာဘူရီခရိုင် တရားရုံးအတွင်း အမှုရင်ဆိုင်နေတဲ့ ရဲအရာရှိဟောင်းက ပစ်ခတ်မှုကြောင့် ရှေ့နေနှစ်ဦး သေဆုံးပြီး အခြား လူနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

(Photo: happykaekamon and Nalinee_OPLE/Twitter)

တရားရုံးအတွင်း ပစ်ခတ်ခဲ့တဲ့ ရာအရာရှိဟောင်းကိုလည်း တာဝန်ကျရဲအရာရှိက ပစ်ခတ်ခဲ့ပြီး ဒဏ်ရာများရကာ သေဆုံးခဲ့ပါတယ်။ ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်) က ဖြစ်ပွားခဲ့တဲ့ တရားရုံးအတွင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ရှေ့နေတစ်ဦးဟာ ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရဲ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ Bancha Porameesanaporn အမည်ရှိ ရှေ့နေဖြစ်ကြောင်း Bangkok Post သတင်းက ပြောပါတယ်။

တရားရုံးအတွင်း ပစ်ခတ်ခဲ့သူဟာ ထိုင်းရဲတပ်ဖွဲ့မှာ ဗိုလ်ချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၆၇ နှစ်အရွယ် သာနင်းချန်သရာတစ်ပ်ဆိုသူ ဖြစ်တယ်လို့သိရပါတယ်။ ၎င်းဟာ ၁၀ နှစ်ကြာ တရားရင်ဆိုင်နေရတဲ့ အမွေဆက်ခံရန်ကိစ္စ အငြင်းပွားမှုကို ကြားနာတဲ့တရားခွင်သို့ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

(Photo: happykaekamon and Nalinee_OPLE/Twitter)

ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ရှေ့နေ Bancha က ၎င်းရဲ့ဇနီးနဲ့ အခြားရှေ့နေနှစ်ဦးနဲ့အတူ ချန်သာဘူရီခရိုင် တရားရုံးကို မနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် နှစ်ဖက်အငြင်းအခုံ ဖြစ်ကြရာမှ ရဲအရာရှိဟောင်းက ပစ္စတိုသေနတ်ဆွဲထုတ်ပြီး ပစ်ခတ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

တရားရုံးအတွင်း ပစ်ခတ်မှုကြောင့် ရှေ့နေနှစ်ဦးဖြစ်တဲ့ Bancha နဲ့ Wijai Sukharom တို့ ထိမှန်ဒဏ်ရာရခဲ့ပြီး Prapokklao ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း ရှေ့နေ Bancha ရဲ့ဇနီးနဲ့ နောက်ထပ် ရှေ့နေတစ်ဦးဖြစ်သူ Wichai Udomthanapat တို့ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မြို့ အရှေ့တောင်ဘက် ၁၅၅ မိုင်ခန့်အကွာရှိ တရားရုံးအတွင်း သွေးသံရဲရဲ မြင်ကွင်းဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ပတ္တယားမြို့ရှိ ခရိုင်တရားရုံးမှာ မူးယစ်ဆေးဝါးသံသယတရားခံ သုံးဦးက လုံခြုံရေးအရာရှိကို သေနတ်ဖြင့်ပစ်ခတ်၊ ဓားဖြင့်ထိုးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

တရားရုံးကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အမေရိကန်နိုင်ငံသားတစ်ဦး၊ ၎င်းရဲ့ဇနီး ထိုင်းအမျိုးသမီးနဲ့ နောက်ထပ် ထိုင်းအမျိုသားတစ်ဦးတို့ကို ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေပြီးနောက် နိုဝင်ဘာ ၆ ရက် ညနေပိုင်းမှာ ကမ္ဘောဒီးယားနယ်စပ်မှ မိုင် ၂၀ ခန့်အကွာ ထိုင်းနိုင်ငံ Sa Kaeo ခရိုင်အတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။

(Photo: Bangkok Post)

၎င်းတို့ကို ပြန်လည်ဖမ်းဆီးမှုအတွင်း အမေရိကန်နိုင်ငံသားက ကိုယ့်ကိုယ်ကိုယ်နဲ့ ဇနီးဖြစ်သူကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံသား သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးကတော့ ဒဏ်ရာရခဲ့ပါတယ်။ တရားရုံးမှ ထွက်ပြေးသွားတဲ့ နောက်ထပ် ထိုင်းအမျိုးသားကတော့ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က