ထိုင်းဘုရင်က ကျောက်ဖရားမြစ်အတွင်း မင်္ဂလာလှေတော် စီးနင်းလှည့်လည်ခဲ့ပါတယ်။

ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းက နန်းတက်ပွဲရဲ့ နောက်ဆုံးအခမ်းအနားအဖြစ် ဘန်ကောက်မြို့ကို ဖြတ်သန်းစီးဆင်းတဲ့ ကျောက်ဖရားမြစ်အတွင်း မင်္ဂလာလှေတော်ဖြင့် စီးနင်းလှည့်လည်ခဲ့ရာ လူဦးရေ ၅၀,၀၀၀ ကျော် မြစ်ကမ်းနားတစ်လျှောက်မှ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

(Photo: EPA)

ထိုင်းဘုရင်က လှော်ခတ်သူ ၂,၀၀၀ ကျော်ပါဝင်တဲ့ လှေ ၅၂ စီးပါ လှေအုပ်စုနဲ့အတူ ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) မှာ ကျောက်ဖရားမြစ်အတွင်း လှည့်လည်ခဲ့တာဖြစ်ပါတယ်။ သုံးရက်ကြာ အခမ်းအနားနဲ့အတူ ဘုရင့်သရဖူ လွှဲပြောင်းရယူခဲ့ပြီးနောက် ခုနစ်လအကြာမှာ မင်္ဂလာလှေတော် စီးနင်းလှည့်လည်ခဲ့ကာ နန်းတက်ပွဲအခမ်းအနား အလုံးစုံ ပြီးမြောက်ခဲ့ပါတယ်။



ထိုင်းဘုရင်က ကျောက်ဖရားမြစ်အတွင်း မင်္ဂလာလှေတော် စီးနင်းလှည့်လည်စဥ် အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသူ အများအပြား အပါအဝင် ထိုင်းပြည်သူတွေက မြစ်ကမ်းနားကနေ ကောင်းချီးဩဘာပေးခဲ့ကြပါတယ်။ မင်္ဂလာလှေတော် စီးနင်းလှည့်လည်ရာမှာ ထိုင်းဘုရင်နဲ့အတူ မိဖုရားစုသီတာ လိုက်ပါလာခဲ့ပါတယ်။

(Photo: Reuters)

၎င်းတို့နှစ်ဦးနဲ့အတူ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းရဲ့ တတိယအိမ်ထောင်မှ ရရှိခဲ့တဲ့ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မင်းသား Dipangkorn Rasmijoti လည်း မင်္ဂလာလှေတော်မှာ လိုက်ပါလာခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ မိဖုရားစုသီတာက ထိုင်းဘုရင်ရဲ့ စတုတ္တမြောက် ဇနီးဖြစ်ပါတယ်။ ထိုင်းဘရင် ဗာဂျီယာလောင်းကွန်းက မင်္ဂလာလှေတော် စီးနင်းလှည့်လည်ရာမှာ တော်ဝင်မင်းသမီးတွေဖြစ်တဲ့ Bajrakitiyabha နဲ့ Sirivannavari Nariratana တို့ကလည်း သီးခြား လှေတစ်စီးမှာ လိုက်ပါခဲ့ကြပါတယ်။

ယခုအချိန်မှာ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက နန်းတက်ပွဲမတိုင်မီ ၎င်းရဲ့ ကာလရှည်ကြာ လက်တွဲဖော်နဲ့ ကိုယ်ရံတော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် စုသီတာကို လက်ထပ်ပြီး မိဖုရားတင်မြှောက်ခဲ့ပါတယ်။

(Photo: AFP/Getty Images)

ထို့နောက် ၂ လအကြာ ယခုနှစ် ဇူလိုင်လအတွင်းမှာ ထိုင်းဘုရင်က လေယာဉ်မှူး၊ သူနာပြုနဲ့ ကိုယ်ရံတော်တစ်ဦးဖြစ်သူ Sineenat Wongvajirapakdi ကို ကြင်ရာတော် (Royal Noble Consort) အဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ Sineenat ဟာ ရာစုနှစ်တစ်ခုနီးပါအတွင်း ထိုင်းဘုရင်က တင်မြှောက်ခဲ့တဲ့ ပထမဆုံး ကြင်ရာတော်လည်း ဖြစ်ခဲ့ပါတယ်။

သို့သော် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ အသက် ၃၄ နှစ်အရွယ် ကြင်ရာတော် Sineenat ဟာ ဘုရင်နဲ့ထီးနန်းအပေါ် သစ္စာမရှိမှုကြောင့် သူမရဲ့ တော်ဝင်ဂုဏ်ပုဒ်နဲ့ ရာထူးများအားလုံးကို ရုပ်သိမ်းပယ်ဖျက်လိုက်ကြောင်း နန်းတော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

(Photo: Reuters)

ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့က ထိုင်းနိုင်ငံရဲ့ ထီးနန်းကို နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့တဲ့ ဖခင်ဖြစ်သူ ဘုရင်ဘူမီဘော ကွယ်လွန်ပြီးနောက် ထီးနန်းအရိုက်အရာဆက်ခံခဲ့ပါတယ်။ ထိုစဥ်က အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာဂျီယာလောင်ကွန်းဟာ ထိုင်းနိုင်ငံရဲ့ ထီးနန်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ထီးနန်းဆက်ခံသူလည်း ဖြစ်ခဲ့ပါတယ်။ ထီးနန်းဆက်ခံပြီးနောက် ၂ နှစ်အကြာ ယခုနှစ် မေလ ၄ ရက်မှ ၆ ရက်အထိ တရားဝင် နန်းတက်ပွဲအခမ်းအနားတွေကို သုံးရက်ကြာ တခမ်းတနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

(Photo: Reuters)

နန်းတက်ပွဲ အစဥ်အလာအရ မင်္ဂလာလှေတော် စီးနင်းလှည့်လည်ခြင်းကိုတော့ ယမန်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက ပြည်သူများ၊ ပါတီအဖွဲ့အစည်းများ အားလုံးအနေနဲ့ နိုင်ငံတိုးတက်အောင်မြင်ရန်နဲ့ ချမ်းသာဝပြောစေရန် တာဝန်ကိုယ်စီကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန် မေလအတွင်း သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ နန်းတက်ပွဲအခမ်းအနား နောက်ဆုံးနေ့မှာ မိန့်ခွန်းပြောြကားစဥ် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။




Share

Loading Next Article...
က္က