Ko John

ထိုင်ဝမ်ကမ်းရိုးတန်းဒေသရှိ Hualien မြို့မှာ ရစ်ချ်တာစကေး ၆.၁ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့ (ဧပြီ ၁၈ ရက်) လှုပ်ခတ်သွားကြောင်း ထိုင်ဝမ် မိုးလေဝသဌာနက ပြောပါတယ်။

(ငလျင်ကြောင့် ပျက်စီးခဲ့သည့် တိုင်ပေမြို့လယ်ရှိ လမ်းမတစ်နေရာ) (Photo: Tyrone Siu/Reuters)

ငလျင်ကြောင့် အဆောက်အအုံများ လှုပ်ရမ်းခဲ့ပြီး တိုင်ပေမြို့တော်မှာ မြေအောက်ရထား ဝန်ဆောင်မှုများ ယာယီရပ်ဆိုင်းခဲ့ရကြောင်း သိရပါတယ်။ ငလျင်ဟာ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်က Hualien မြို့ အရှေ့ဘက် မြေအောက်အနက် ၁၂ မိုင်နီးပါးမှာ လှုပ်ခတ်ခဲ့တယ်လို့ ထိုင်ဝမ် မိုးလေဝသဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ထိုင်ဝမ်မှာ ယခုနှစ်အတွင်း အင်အားအပြင်းထန်ဆုံး ငလျင်လည်းဖြစ်ခဲ့ပါတယ်။ ငလျင်လှုပ်မှုကြောင့် တိုင်ပေမှာ အဆောက်အအုံများ ပြင်းပြင်းထန်ထန် လှုပ်ရပ်သွားခဲ့ပြီး ထိုင်ဝမ်အရှေ့မြောက်ပိုင်း Yilan ကောင်တီမှာ ကျောင်းသားကလေးငယ်များ ၎င်းတို့ရဲ့ စာသင်ခန်းများထဲမှ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။ စာသင်ကျောင်းများမှ ကျောင်းသူကျောင်းသားတွေကို ရွှေ့ပြေင်းခဲ့တာကိုလည်း ရုပ်မြင်သံကြားသတင်းမှာ တွေ့ခဲ့ရပါတယ်။

(မြေအောက်ရထားဘူတာရုံကို ယာယီပိတ်ထားမှု) (Photo: Sam Yeh/AFP)

ဒေသခံမီဒီယာတွေမှာ ဖော်ပြမှုအရ ငလျင်လှုပ်မှုကို ထိုင်ဝမ်ရဲ့ နေရာဒေသအားလုံးမှာ ခံစားသိရှိခဲ့ကြပြီး Yilan နဲ့ Hualien ကို ဆက်သွယ်ထားတဲ့ အမြန်လမ်းမပေါ်ကို ကျောက်တုံးများ ပြုတ်ကျပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ငလျင်ကြောင့် သေဆုံးဒဏ်ရာရမှုနဲ့ ပျက်စီးမှုသတင်းတွေ မကြားသိရသေးပါဘူး။

(ထိုင်ဝမ်ငလျင်ကြောင့် အပျက်အစီးဖြစ်ပေါ်ခဲ့မှုတစ်ခု) (Photo: Reuters)

အမေရိကန်အခြေစိုက် US Geological Survey ဝက်ဘ်ဆိုက်ကတော့ ထိုင်ဝမ်ငလျင်ရဲ့ ပြင်းအားအဆင့်ကို မူလက ၆.၄ ရစ်ချ်တာစကေးအဖြစ် ဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာ ၆.၁ ဖြစ်တယ်လို့ ပြောင်းလဲခဲ့ပါတယ်။ ထိုင်ဝမ်ငလျင်ကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်မှုအချို့ ကြုံတွေ့ရနိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက ကမ်းရိုးတန်းအနီး နေထိုင်ကြတဲ့ ဒေသခံတွေကို သတိပေးထားပါတယ်။ သို့သော် ဆူနာမီရေလှိုင်းများ မဟုတ်ကြောင်းလည်း ဂျပန်မိုးလေဝသဌာနက ပြောထားပါတယ်။

(ငလျင်လှုပ်ခတ်မှု နေရာပြမြေပုံ) (Map: USGS)

ထိုင်ဝမ်မှာ ယခုငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်အချို့ ထပ်မံ လှုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ ငလျင်လှုပ်မှုဖြစ်ပေါ်ခဲ့တဲ့ ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်းရှိ Hualien မြို့ဟာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီအတွင်းကလည်း Hualien မြို့မှာ ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေအနက် အများအပြားဟာ အဆောက်အအုံတစ်ခု တစ်စိတ်တစ်ပိုင်း ပြိုကျမှုအတွင်း သေဆုံးခဲ့ကြကြောင်း သိရပါတယ်။

(ထိုင်ဝမ်မှာ ဧပြီ ၁၈ ရက် ငလျင်လှုပ်ခတ်မှုများ) (Photo: @MulfordCastro/Twitter)

၂၀၁၆ ခုနှစ်ကလည်း ထိုင်ဝမ်တောင်ပိုင်းမှာ ငလျင်လှုပ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ ထိုင်ဝမ်မှာ လတ်တလော ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ငလျင်လှုပ်မှုဖြစ်ရပ်ကတော့ ၁၉၉၉ ခုနှစ် စက်တင်ဘာလအတွင်း ရစ်ချ်တာစေး ၇.၆ အဆင့်ရှိ ငလျင်လှုပ်မှုဖြစ်ပြီး ထိုငလျင်ကြောင့် လူ ၂,၄၀၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ထိုင်ဝမ်ဟာ ကမ္ဘာ့ကျောက်ဖျာချပ်ကြီးနှစ်ခု ဆုံတွေ့ရာအနီးမှာ တည်ရှိနေပြီး ငလျင်လှုပ်မှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

Source: CNA


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က