တံတားတစ်စင်းပေါ်မှာ ဘတ်စ်ကားအပိုင်စီးမှု ဖြစ်ပွားခဲ့ပါတယ်။
Ko John

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးကို လေးနာရီနီးပါးကြာ ပြန်ပေးဆွဲ အပိုင်စီးထားခဲ့တဲ့ အမျိုးသားတစ်ဦးအား အသေပစ်သတ်လိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(ဘတ်စ်ကားအပိုင်စီးသူ ဒါဆေးလ်ဗား) (Photo: TV Globo)

ရီယိုဒီဂျနေရိုနဲ့ အနီးအနားရှိ Niteroi မြို့ကို ဆက်သွယ်ထားပြီး ဖြတ်သန်းသွားလာမှုများတဲ့ တံတားတစ်စင်းပေါ်မှာ ဘတ်စ်ကားအပိုင်စီးမှု ဖြစ်ပွားခဲ့ပါတယ်။ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးက ယမန်နေ့ (သြဂုတ် ၂၀ ရက်) ဒေသစံတော်ချိန် မနက် ၅ နာရီ ၂၅ မိနစ်မှာ ဘတ်စ်ကားပေါ်သို့ တက်လာပြီးနောက် ခရီးသည်တွေကို ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။ ၎င်းဟာ စစ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးဖြစ်ကြောင်း ခရီးသည်တွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

(ဒါဆေးလ်ဗားကို ဘတ်စ်ကားအပေါက်ဝမှာ တွေ့ရစဉ်) (Photo: TV Globo/G1 Rio)

သို့သော် နောက်ပိုင်းမှာတော့ ဘတ်စ်ကားအပိုင်စီးခဲ့သူဟာ ဝလုံခြုံရေးအစောင့်တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ လီယမ် အော်ဂက်စတို ဒါဆေးလ်ဗား (William Augusto da Silva) ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ဒါဆေးလ်ဗားကို စနိုက်ပါသေနတ်ဖြင့် အသေပစ်သတ် ရှင်းလင်းခဲ့ပြီးနောက် စစ်ဆေးခဲ့ရာမှာ ၎င်းကိုင်ဆောင်ထားခဲ့တဲ့ သေနတ်ဟာ ကလေးကစားစရာ သေနတ်တစ်လက်ဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။

(ဒါဆေးလ်ဗားရဲ့အလောင်းအနီးတွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ) (Photo: EPA)

ဒါဆေးလ်ဗားဟာ မနက် ၉ နာရီ ၄ မိနစ်မှာ အပိုင်စီးထားတဲ့ ဘတ်စ်ကားပေါ်ကနေ ဆင်းလာခဲ့စဉ် စနိုက်ပါဖြင့် ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပစ်ခတ်ခံရပြီးနောက် ၎င်းဟာ နှလုံးရပ်သွားခဲ့ပြီး ဒေသခံ ဆေးရုံသို့တင်ပို့ခဲ့ကြောင်းနဲ့ ဆေးရုံမှာ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့တယ်လို့ Daily Mail သတင်းက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ အစီရင်ခံစာတွေအရ ဒါဆေးလ်ဗားကို ဘတ်စ်ကားကို ရီယိုဒီဂျနေရိုသို့ မောင်းနှင်ရန် ယာဉ်မောင်းကို ပြောခဲ့တယ်လို့ သိရပေမဲ့ အခြား တောင်းဆိုမှုတွေကိုတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

(ပြန်လွှတ်ပေးခံရတဲ့ အမျိုးသမီး ကြောက်လန့်လဲကျသွားစဉ်) (Photo: EPA)

ဘတ်စ်ကားကို သုံးနာရီကျော်ကြာ အပိုင်စီးထားစဉ်အတွင်း ဒါဆေးလ်ဗားက အမျိုးသမီးနှစ်ဦး အပါအဝင် ခရီးသည် အနည်းဆုံးခြောက်ဦးကို လွှတ်ပေးခဲ့ကြောင်းလည်း သိရပါတယ်။ ပစ်သတ်မခံရမီ အစောပိုင်း မနက် ၇ နာရီ ၄၅ မိနစ်မှာလည်း ဒါဆေးလ်ဗားက ဘတ်စ်ကားပေါ်ကနေ ဆင်းလာခဲ့သေးပေမဲ့ အလျင်အမြန် ပြန်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ယခုဖြစ်ရပ်အတွင်း ဘတ်စ်ကားပေါ်မှ ခရီးသည်များ ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။

ရီယိုဒီဂျနေရိုမြို့မှ ဖြစ်ပွားခဲ့ဖူးတဲ့ ဘတ်စ်ကားအပိုင်စီးမှုများ

ရီယိုဒီဂျနေရိုမှာ ဘတ်စ်ကားအပိုင်စီးမှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၆ ခုနှစ်တို့မှာလည်း ဖြစ်ပွားခဲ့ဖူးကြောင်း BBC နဲ့ AFP သတင်းတွေမှာ ဖော်ပြထားပါတယ်။ ၂၀၀၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ သေနတ်သမားတစ်ဦးက ရီယိုဒီဂျနေရိုမြို့ရဲ့ ခေတ်မီလှပတဲ့ တိုက်တာအဆောက်အအုံတွေရှိရာ နေရာတစ်ခုမှာ ဘတ်စ်ကားတစ်စီးကို ပြန်ပေးဆွဲ အပိုင်စီးခဲ့ပါတယ်။

(Bus 174 မှတ်တမ်းရုပ်ရှင်ပိုစတာ) (Photo: bus174.com)

အဆိုပါ ဘတ်စ်ကားပြန်ပေးဆွဲမှုအတွင်း ပြန်ပေးသမားနဲ့ ဓားစာခံတစ်ဦး သေဆုံးခဲ့ပါတယ်။ နာရီနဲ့ချီကြာမြင့်ခဲ့တဲ့ ပြန်ပေးဆွဲမှုဖြစ်ရပ်ကို Bus 174 အမည်ဖြင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့ကာ ထူးချွန်ဆုရရှိခဲ့ကြောင်း သိရပါတယ်။

၂၀၀၆ ခုနှစ်ကလည်း ရီယိုဒီဂျနေရိုမှာ သေနတ်ကိုင်အမျိုးသားတစ်ဦးက ဘတ်စ်ကားတစ်စီးကို ၁၀ နာရီကြာ ပြန်ပေးဆွဲအပိုင်စီးမှု ဖြစ်ခဲ့ဖူးပါတယ်။ အပိုင်းစီးခံရတဲ့ ဘတ်စ်ကားပေါ်မှာ သေနတ်သမားရဲ့ ဇနီးဖြစ်သူ လိုက်ပါလာခဲ့ပြီး ၎င်းကိုထားခဲ့တာကြောင့် သူမကို သတ်ပစ်မယ်လို့ သေနတ်သမားက ခြိမ်းခြောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆွေမျိုးတွေက ဝိုင်းဝန်းဖျောင်းဖျမှုကြောင့် ဘတ်စ်ကားအပိုင်စီးသူက အညံ့ခံခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က