ဘဏ်က မှားယွင်းထည့်ပေးခဲ့မိတဲ့ ငွေအားလုံးနီးပါး သုံးပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
Ko John

ဘဏ်ကနေ ၎င်းတို့အကောင့်ထဲသို့ မှားယွင်းထည့်ပေးမိတဲ့ သိန်းနဲ့ချီတဲ့ ဒေါ်လာတွေကို သုံးစွဲပစ်ခဲ့ကြတဲ့ အမေရိကန်စုံတွဲတစ်တွဲအား ခိုးမှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

(Photo: Getty Images)

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှ ရောဘတ်နဲ့ တစ်ဖနီဝီလီယံ အမည်ရှိစုံတွဲက ၎င်းတို့ရဲ့ ဘဏ်အကောင့်ထဲကို ဘဏ်က မှားယွင်းထည့်ပေးခဲ့မိတဲ့ အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ကို အားလုံးနီးပါး သုံးပစ်ခဲ့ကြတယ်လို့ ထွက်ဆိုချက်မှာ ဖော်ပြပါတယ်။ အဆိုပါ စုံတွဲဟာ ၎င်းတို့ဘဏ်စာရင်းရှိ ငွေပမာဏထက် ပိုမိုထုတ်ယူခဲ့တဲ့ ဒေါ်လာ ၁၀၀,၀၀၀ ကျော်အတွက်လည်း ဝန်ဆောင်ခများ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

၎င်းတို့နှစ်ဦးက ဘဏ်အကောင့်ထဲသို့ မှားယွင်းရောက်ရှိလာတဲ့ ငွေများဖြင့် SUV ကားတစ်စီးနဲ့ အခြား ကုန်ပစ္စည်းတွေ ဝယ်ယူခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်အရ ရောဘတ်နဲ့တစ်ဖနီတို့ စုံတွဲက ဘဏ်အကောင့်ထဲမှ ငွေတွေဟာ ၎င်းတို့ငွေများ မဟုတ်ကြောင်းကို သိခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Robert and Tiffany/Facebook)

အသက် ၃၆ နှစ်နဲ့ ၃၅ နှစ်အရွယ် အဆိုပါစုံတွဲကို ခိုးမှုနဲ့ ခိုးရာပါပစ္စည်းလက်ခံမှုတို့ဖြင့် စွဲချက်တင်ခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးထားခဲ့ပါတယ်။ တနင်္လာနေ့ (စက်တင်ဘာ ၉ ရက်) မှာတော့ ထိုစုံတွဲကို Lycoming ကောင်တီရှိ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ရောဘတ်နဲ့တစ်ဖနီတို့ စုံတွဲရဲ့ BB&T ဘဏ်အကောင်ထဲသို့ ယခုနှစ် မေလ ၃၁ ရက်နေ့မှာ သက်ဆိုင်ရာဘဏ်က ဒေါ်လာငွေများ မှားယွင်းလွှဲပေးခဲ့မိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ဝင် အာရွန်ဘရောင်းက Williamsport Sun-Gazette သတင်းစာကို ပြောခဲ့ပါတယ်။ အမှန်တစ်ကယ်မှာ ထိုငွေများကို ရင်းနှီးမြှုပ်နံှမှုကုမ္ပဏီတစ်ခုသို့ လွှဲပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘဏ်က မှားယွင်းပြီး ငွေလွှဲပေးမိကြောင်းကို ဇွန်လ ၂၀ ရက်နေ့မှာ သိရှိခဲ့ပြီး ၎င်းတို့စုံတွဲရဲ့ ဘဏ်အပ်နှံငွေပမာဏကို အမှန်ပြင်ဆင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Fox40)

သို့သော် ထိုသို့သိရှိချိန်မှာ ရောဘတ်တို့စုံတွဲက ဘဏ်ကနေ မှားယွင်းရရှိထားခဲ့ ငွေများအနက်မှ ဒေါ်လာ ၁၀၇,၀၀၀ ဝန်းကျင်ကို ဘဏ်သို့ဆက်သွယ်ခြင်းမရှိဘဲ သုံးစွဲထားခဲ့ပြီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ၎င်းတို့စုံတွဲက Chevrolet Traerse ကားတစ်စီး၊ အပျော်ခရီးထွက် စခန်းချကားတစ်စီး၊ ပြိုင်ကားတစ်စီးနဲ့ အခြား အိမ်အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေကို ကူညီရန်အတွက်လည်း ဒေါ်လာ ၁၅,၀၀၀ ပေးခဲ့ကြပါတယ်။

ထို့နောက် သက်ဆိုင်ရာဘဏ်က တစ်ဖနီထံ ဆက်သွယ်ခဲ့ရာ ငွေတွေကိုသုံးစွဲပြီးဖြစ်တာကြောင့် ပြန်ပေးစရာမရှိတော့ဘူးလို့ ပြောခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ဝင် အာရွန်ဘရောင်းရဲ့ ရာဇဝတ်ပြစ်မှုတိုင်ကြားချက်မှာ ရေးသားထားမှုကို CBS News က ဖော်ပြပါတယ်။ တစ်ဖနီရဲ့ အဆိုအရ ဘဏ်ကနေ မှားယွင်းရရှိခဲ့တဲ့ ဒေါ်လာများအနက်မှ အများစုကို ခင်ပွန်းဖြစ်သူ ရောဘတ်က သုံးစွဲခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: WBTV)

တစ်ဖနီက ခင်ပွန်းဖြစ်သူကို ဘဏ်ကနေ မှားယွင်းထည့်ပေးခဲ့တဲ့ ဒေါ်လာများကို ပြန်ပေးရန်ကြိုးပမ်းခဲ့သေးတယ်လို့ ဆိုပါတယ်။ သို့သော် မှားယွင်းပြီး ငွေလွှဲပေးမိကြောင်း တစ်ဖနီနဲ့ ဆက်သွယ်ပြောခဲ့ပြီးနောက်ပိုင်း ၎င်းတို့စုံတွဲကို နောက်ထပ် ဆက်သွယ်မရတော့ဘူးလို့ ဘဏ်က ပြောပါတယ်။

ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက ရောဘတ်နဲ့တစ်ဖနီတို့ကို ဇူလိုင်လအတွင်း စစ်ဆေးမေးမြန်းခဲ့ရာ မှားယွင်းရရှိခဲ့တဲ့ ငွေတွေဟာ ၎င်းတို့နဲ့မသက်ဆိုင်ကြောင်း သိရှိခဲ့ကြပေမဲ့ ငွေတွေကို သုံးပစ်ခဲ့ကြတယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။ ဘဏ်ကနေ မှားယွင်းပြီး ငွေထည့်မပေးခင်က ရောဘတ်နဲ့တစ်ဖနီတို့ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၁,၀၀၀ ရှိနေခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။


က္က