ကိုဗစ်ကာလအတွင်းမှာ ပရိသတ်တွေကို တစ်မူထူးခြားတဲ့ ဂီတဖျော်ဖြေပွဲနေရာ အပြင်အဆင်ဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။

အင်ဒိုနီးရှား ပေါ့ပ်ဂီတအဖွဲ့ Kahitna က COVID-19 ကပ်ရောဂါကာလအတွင်းမှာပင် ဂျကာတာမြို့မှာ ပရိသတ်တွေကို တစ်မူထူးခြားတဲ့ ဂီတဖျော်ဖြေပွဲနေရာ အပြင်အဆင်ဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

(Photo: Reuters)

Kahitna အဖွဲ့က ၎င်းတို့ရဲ့ သီဆိုဖျော်ဖြေမှုကို ပရိသတ်တွေ ကားပေါ်ကနေ ကြည့်ရှုနိုင်ရန် စီစဥ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၈ ဦးပါ Kahitna ဂီတအဖွဲ့က ၁၉၉၀ ပြည့်လွန်နှစ်များမှ အအောင်မြင်ဆုံးဖြစ်ခဲ့ချိန်က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ၎င်းရဲ့အဖွဲ့ရဲ့ အအောင်မြင်ဆုံး Cerita Cinta သို့မဟုတ် Love Story သီချင်းကို သီဆိုဖျော်ဖြေချိန်မှာတော့ ပရိသတ်တွေကို ကားဟွန်းများတီးပြီး မိုဘိုင်းဖုန်း မီးရောင်တွေဖွင့်ရင်း အားပေးနားဆင်ခဲ့ကြပါတယ်။



ယမန်နေ့ (ဩဂုတ် ၂၉ ရက်) ညပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Kahitna အဖွဲ့ရဲ့ပွဲဟာ COVID-19 ကြောင့် ဂီတအလုပ်တွေ ရပ်နားမသွားခင် အချိန်ကောင်းတွေကို ပြန်သတိရစေတဲ့ သီဆိုဖျော်ဖြေပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ Kahitna အဖွဲ့ရဲ့ ပွဲစီစဥ်သူတွေထဲမှ တစ်ဦးဖြစ်သူ Chaeruddin Syah ဖွင့်ဟခဲ့ပါတယ်။

(Photo: Reuters)

"စီးပွားရေးက လေးလကနေ ငါးလကြာအထိ ကျဆင်းနေခဲ့တယ်၊ ဘာအလုပ်မှ မလုပ်ခဲ့ရဘဲ ဝင်ငွေမရှိခဲ့ဘူးလေ၊ ဒီ တေးဂီတဖျော်ဖြေပွဲက ဒါကို ဖြေရှင်းနိုင်ဖို့ အကူအညီဖြစ်စေပြီ ဖျော်ဖြေရေးနယ်ပယ်အတွက် အကြံဉာဏ်ကောင်းဖြစ်လာဖို့ မျှော်လင့်ပါတယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။

Kahitna အဖွဲ့က ဂျကာတာမြို့ရှိ Jakarta International Expo ကားပါကင်နေရာမှာ နှစ်နာရီနီးပါးကြာ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဂီတဖျော်ဖြေပွဲမှာ ကူးစက်မှုအန္တရာယ်ကင်းစေရန် အဓိက ဦးစားပေးဆောင်ရွက်ခဲ့ကြောင်းနဲ့ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေဟာ COVID-19 မရှိကြောင်း ကျန်းမာရေးစစ်ဆေးမှုအဖြေ စာရွက်စာတမ်း ပေးအပ်ရပြီး mask တပ်ရကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

Kahitna အဖွဲ့ရဲ့ သီဆိုဖျော်ဖြေပွဲကို ယနေ့ (ဩဂုတ် ၃၀ ရက်) မှာလည်း ဆက်လက် ကျင်းပပြုလုပ်တယ်လို့ ဆိုပါတယ်။ ယမန်နေ့ သီဆိုဖျော်ဖြေမှုကိုတော့ ကားအစီးရေ ၃၀၀ ထဲမှ ပရိသတ် ၉၀၀ ခန့်က အားပေးကြည့်ရှုခဲ့ကြပါတယ်။ သီဆိုဖျော်ဖြေမှုကို နားဆင်ရန်အတွက် ကားတစ်စီးစီမှာ FM ရေဒီယိုလိုင်းတစ်ခု ဖွင့်ထားရပါတယ်။ ဂီတဖျော်ဖြေပွဲကို ရောက်ရှိလာတဲ့ ကားအားလုံးကိုလည်း ပိုးသတ်ဆေးဖြန်းတယ်လို့ ဆိုပါတယ်။

"ဒီ ဂီတဖျော်ဖြေပွဲ သိပ်ထူးခြားတဲ့ စိတ်ကူးဖန်တီးမှုတစ်ခုပါပဲ၊ တစ်ကယ်ကောင်းပါတယ်၊ အထူးသဖြင့် ကပ်ရောဂါကြီးက ဘယ်အချိန်ပြီးဆုံးမလဲ မသိရတဲ့အချိန်မှာပေါ့" လို့ လာရောက်ကြည့်ရှုသူ အသက် ၄၅ နှစ်အရွယ် အမ်မလီယာက ပြောပါတယ်။ လူဦးရေ ၁၀ သန်းရှိတဲ့ အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့မှာ လတ်တလော ရက်ပိုင်းအတွင်း နေ့အလိုက် COVID-19 ကူးစက်မှု စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

(Photo: Reuters)

ဂျကာတာမှာ ကူးစက်မှုထိန်းချုပ်ရန် အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်ကန့်သတ်ထားပါတယ်။ သို့သော် ဂျကာတာမြို့ အုပ်ချုပ်ရေးမှူးက ရုပ်ရှင်ရုံများ မကြာမီ ပြန်ဖွင့်သွားမယ်လို့ ယခု သီတင်းပတ်အတွင်း‌ ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်ပြီးလျှင် COVID-19 ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ယနေ့ညပိုင်းအထိ ကူးစက်ခံရသူ ၁၇၂,၀၀၀ ကျော် စစ်ဆေးတွေ့ရှိထားပါတယ်။

COVID-19 ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားက အရှေ့တောင်အာရှ ဒေသတွင်းမှာ အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် ၇,၃၀၀ ကျော်ရှိခဲ့ပါတယ်။ ထိုအတောအတွင်း အင်ဒိုနီးရှားမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုး တွေ့ရှိရကြောင်း ဂျကာတာမြို့အခြေစိုက် Eijkman Institute for Molecular Biology က ဩဂုတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က