ကျွန်တော့်ကြောင့်သာ မဟုတ်ခဲ့ရင် ဟောင်ကောင်က ၁၄ မိနစ်အတွင်း ပျက်စီးသွားခဲ့လိမ့်မယ်
Ko John

၎င်းကြောင့်သာ မဟုတ်ပါက ဟောင်ကောင်ဟာ တရုတ်တပ်ဖွဲ့တွေကြောင့် ၁၄ မိနစ်အတွင်း ပျက်စီးသွားခဲ့လိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုဝင်ဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်က ဟောင်ကောင်မှာ ဆန္ဒပြနေသူတွေကို ဖြိုခွင်းရန်အတွက် စစ်တပ်စေလွှတ်ခြင်းမပြုဘဲ ထိန်းထားခဲ့ခြင်းဟာ ၎င်းရဲ့ပြောကြားထားမှုကြောင့် ဖြစ်တယ်လို့ ထရန့်က Fox News ရုပ်မြင်သံကြားသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ "ကျွန်တော့်ကြောင့်သာ မဟုတ်ခဲ့ရင် ဟောင်ကောင်က ၁၄ မိနစ်အတွင်း ပျက်စီးသွားခဲ့လိမ့်မယ်" လို့ ထရန့်ကဆိုပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AFP)

"ရှီကျင်းပင်က ဟောင်ကောင်အပြင်ဘက်မှာ စစ်သားတစ်သန်းရှိတယ်၊ အဲဒီစစ်သားတွေ ဟောင်ကောင်ကို မသွားခဲ့ကြတာက ကျွန်တော် သူ့ကို ပြောထားတာ တစ်ခုတည်းကြောင့်ပဲ၊ ကျေးဇူးပြုပြီး အဲဒီလိုမလုပ်ပါနဲ့၊ အမှားကြီးတစ်ခု လုပ်မိတော့မယ်၊ ဒီလိုလုပ်တာက ကုန်သွယ်ရေးကိစ္စ ဆွေးနွေးညှိနှိုင်းမှုအတွက် ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှုတစ်ခု ဖြစ်လိမ့်မယ်လို့ ရှီကျင်းပင်ကို ပြောခဲ့တယ်" လို့ သမ္မတထရန့်က အင်တာဗျူးဖြေကြားစဥ် ထည့်သွင်းပြောသွားခဲ့ပါတယ်။ ထိုအင်တာဗျူးမှာပင် အမေရိကန်နဲ့တရုတ်ဟာ ကုန်သွယ်ရေးသဘောတူညီမှုတစ်ရပ် ရရှိနိုင်တော့မှာဖြစ်ပေမဲ့ ၎င်းအနေနဲ့ အလောတကြီး လက်မှတ်ထိုးမှာမဟုတ်ကြောင်းလည်း ထရန့်ကဆိုပါတယ်။ 

(ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်နှင့် ရှီကျင်းပင်) (Photo: AFP)

ဟောင်ကောင်မှာ လတ်တလော ရက်ပိုင်းအတွင်း တက္ကသိုလ်ကျောင်းကို ဆန္ဒပြသူတွေက ဝင်ရောက်နေရာယူထားခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့အဓိကရုဏ်းတွေ ပြင်းထန်ခဲ့ပါတယ်။ ဟောင်ကောင်ပိုလီတက္ကနစ်တက္ကသိုလ် (PolyU) အတွင်းရှိ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး ရဲတပ်ဖွဲ့က တက္ကသိုလ်ကို ဝိုင်းရံထားခဲ့ပါတယ်။

PolyU တက္ကသိုလ်အတွင်းရှိ ဆန္ဒပြသူတွေကို အဖမ်းခံရန် ပြောခဲ့ပေမဲ့ အမာခံ ဆန္ဒပြသူတွေက အတားအဆီးများပြုလုပ်ပြီး ဆက်လက် ရှိနေခဲ့ကြပါတယ်။ တက္ကသိုလ်အတွင်းရှိနေခဲ့တဲ့ ဆန္ဒပြသူအများအပြားက ထွက်ပြေးခဲ့ကြပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပါတယ်။ တက္ကသိုလ်အတွင်း နောက်ဆုံးကျန်ရှိနေတဲ့ ဆန္ဒပြသူ အနည်းဆုံး ရှစ်ဦးက ယနေ့ (နိုဝင်ဘာ ၂၂ ရက်) မနက်အစောပိုင်းမှာ ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

(ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့သည့် ဆန္ဒပြသူအချို့) (Photo: Reuters)

အစောပိုင်းက တက္ကသိုလ်အတွင်း ဆန္ဒပြသူ ၁၀၀ နီးပါး ကျန်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ဟောင်ကောင်ဆန္ဒပြအဓိကရုဏ်းများကို ဖြိုခွင်းရာမှာ တစ်ရက်အတွင်း လူတစ်ထောင်ကျော်ကို ဖမ်းဆီးခဲ့ကြောင်းနဲ့ တရုတ်တက္ကသိုလ် (Chinese University of Hong Kong) မှာ ဓာတ်ဆီပုလင်းဗုံး ၃,၉၀၀ ကျော် တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းဝင်းများအတွင်းရှိ ဆန္ဒပြသူတွေအနက် အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်တွေ အများအပြား ပါဝင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ အသက်မပြည့်သေးသူတွေကို ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်များ ရဲတပ်ဖွဲ့ကို ပြောကြားပြီးနေက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

(ဟောင်ကောင်မှာ အစိုးရဆန့်ကျင့်ရေးဆန္ဒပြသူများ) (Photo: Reuters)

ဟောင်ကောင်မှာ အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်ခဲ့ရာမှ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ အဓိကရုဏ်းများနဲ့ အခြားအကြမ်းဖက်မှုများလည်း ဖြစ်ပွားနေခဲ့ပါတယ်။ ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။ ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေမှုကြမ်း အပြီးတိုင်ရုပ်သိမ်းရေးအပြင် ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို နှိမ်နင်းဖြိုခွင်းမှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြလုပ်ရေး အပါအဝင် အချက်ငါးချက်ကို တောင်းဆိုထားခဲ့ပါတယ်။

(ဟောင်ကောင်မှာ အစိုးရဆန့်ကျင့်ရေးဆန္ဒပြသူများ) (Photo: Reuters)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။


က္က