ကမ်းခြေပါတီပွဲမှာ နောက်ဆုံးမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
Ko John

ကမ္ဘောဒီးယားနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ ဗြိတိန်ကျောင်းသူ အမ်မီလီယာ ဘမ်ဘရစ်ချ်ရဲ့ အလောင်းကို ပင်လယ်ထဲမှာ ပြန်ရှာတွေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (အောက်တို ၃၁ ရက်) ပြောပါတယ်။

(ဗြိတိန်ကျောင်းသူ အမ်မီလီယာ ဘမ်ဘရစ်ချ်) (Photo: Daily Mail)

အသက် ၂၁ နှစ်အရွယ် ဗြိတိသျှကမ္ဘာလှည့်ခရီးသည် မိန်းကလေးဟာ အောက်တိုဘာ ၂၄ ရက်နေ့ကတည်းက ကမ္ဘောဒီးယားတောင်ပိုင်းရှိ ခိုရွန်ကျွန်း (Koh Rong) မှာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ သူမကို ခိုရွန်ကျွန်းမှာ ပြုလုပ်တဲ့ ကမ်းခြေပါတီပွဲတစ်ခုမှာ ဒေသစံတော်ချိန် ထိုနေ့မနက် ၃ နာရီဝန်းကျင်းက နောက်ဆုံး မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဗြိတိန်ကျောင်းသူ အမ်မီလီယာကို သူမရဲ့မိသားစု၊ ကမ္ဘောဒီးယားစစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ရေငုပ်သမားများ အပါအဝင် လူဦးရေ ၂၀၀ နီးပါးပါဝင်တဲ့ ရှာဖွေရေးအဖွဲ့က ကျွန်းပေါ်နဲ့ အနီးတစ်ဝိုက် ရေပြင်မှ ပိုက်စိပ်တိုက် ရှာဖွေခေဲ့ကြပါတယ်။

(အမ်မီလီယာကို ပင်လယ်ပြင်မှာ လိုက်လံရှာဖွေစဉ်) (Photo: AFP)

အမ်မီလီယာရဲ့အလောင်းကို ခိုရွန်ကျွန်းမှ မိုင် ၃၀ အကွာ ပင်လယ်ပြင်မှာ ရှာဖွေတွေ့ရှိခဲ့ရပြီး Sihanoukville မြို့သို့ သယ်ဆောင်သွားမယ်လို့ ကမ္ဘောဒီးယား အာဏာပိုင်တွေက ပြောပါတယ်။ အမ်မီလီယာ ပျောက်ဆုံးနေခဲ့ပြီးနောက် ထိုနေ့မနက်ပိုင်းမှာ ပိုက်ဆံအိတ်၊ မိုဘိုင်းဖုန်းနဲ့ ဘဏ်ကတ်များပါတဲ့ သူမရဲ့အိတ်ကို ရှာဖွေတွေ့ရှိထားခဲ့ပါတယ်။

"ပျောက်ဆုံးနေတဲ့ ဗြိတိသျှအမျိုးသမီးရဲ့ အလောင်းကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်" လို့ Preah Sihanouk ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ Chuon Narin က ပြောပါတယ်။ အမ်မီလီယာရဲ့ အစ်ကိုဖြစ်သူ ဟယ်ရီဘမ်ဘရစ်ချ်ကလည်း ပင်လယ်ပြင်မှာ ပြန်ရှာတွေ့ခဲ့တဲ့ အလောင်းဟာ ၎င်းရဲ့ညီမဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

(အမ်မီလီယာရဲ့အစ်ကို ဟယ်ရီ) (Photo: AP)

"ဒါ ကျွန်တော့်ညီမလေး အမ်မီလီယာပါပဲ၊ ကျွန်တော် သူ့ကို အသက်ရှင်လျက် ပြန်ခေါ်သွားဖို့ကလွဲရင် ဘာမှမဖြစ်ချင်ခဲ့ပါဘူး" လို့ ၎င်းက Facebook မှာ ရေးသားထားပါတယ်။ အမ်မီလီယာဟာ ခိုရွန်ကျွန်းမှာ ကျင်းပခဲ့တဲ့ ကမ်းခြေပါတီအပြီးမှာ တည်းခိုဆောင်ကို ပြန်ရောက်မလာခဲ့ရာမှ သူမ ပျောက်ဆုံးနေကြောင်း သတိပြုမိခဲ့ကြပါတယ်။

(အမ်မီလီယာရဲ့အိတ်ကို ပြန်ရှာတွေ့ခဲ့စဉ်) (Photo: AFP)

ဗြိတိန်သူ အမ်မီလီယာ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ခိုရွန်ကျွန်းပေါ်ရှိ စားသောက်ဆိုင်၊ ဟိုတယ်နဲ့ တည်ခိုးခန်းတွေမှာ အလုပ်လုပ်ကိုင်သူ အမျိုးသားခြောက်ဦးကို ရဲတပ်ဖွဲ့က အစောပိုင်းမှာ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ကမ္ဘောဒီးယားတောင်ပိုင်း ထိုင်းပင်လယ်ကွေ့မှာရှိတဲ့ ခိုရွန်ကျွန်းဟာ ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးလှည့်လည်သူ ကမ္ဘာ့လှည့်ခရီးသည်များကြား ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်ပြီး ဈေးသက်သာတဲ့ တည်းခိုခန်းနဲ့ ဘားဆိုင် အများအပြားရှိကြောင်း သိရပါတယ်။

ထပ်မံသိရှိရတဲ့ သတင်းအရ အမ်မီလီယာဟာ မတော်တဆ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြား အကြောင်းတွေကြောင်မဟုတ်ကြောင်း ကမ္ဘောဒီးယား အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။


က္က