ကမ်းခြေပါတီပွဲမှာ နောက်ဆုံး မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
Ko John

ကမ္ဘောဒီးယားနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ ဗြိတိန်သျှကမ္ဘာလှည့်ခရီးသည် မိန်းကလေးတစ်ဦးကို စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ရေငုပ်သမားများက ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း အာဏာပိုင်တွေက AFP သတင်းဌာနကို ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) မှာ ပြောပါတယ်။

(အမ်မီလီယာ ပျောက်ဆုံးကြောင်း ကြော်ငြာထားမှု) (Photo: Jamie Fullerton/The Guardian)

လူဦးရေ ၂၀၀ နီးပါးပါဝင်တဲ့ ရှာဖွေရေးအဖွဲ့က ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးလှည့်လည်သူတွေကြား ရေပန်းစားတဲ့ကျွန်းပေါ်နဲ့ အနီးတစ်ဝိုက် ရေပြင်အတွင်း ရှာဖွေနေကြပါတယ်။ အသက် ၂၁ နှစ်အရွယ် ဗြိတိန်ကျောင်းသူ အမ်မီလီယာ ဘမ်ဘရစ်ဂျ်ကို ကမ္ဘောဒီးယားတောင်ပိုင်းရှိ ခိုရွန်ကျွန်း (Koh Rong) ပေါ်မှာ အောက်တိုဘာ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကမ်းခြေပါတီပွဲမှာ မနက် ၃ နာရီဝန်းကျင်က နောက်ဆုံး မြင်တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။

(အမ်မီလီယာ၏ အိတ်ကို ပြန်ရှာတွေ့ခဲ့စဉ်) (Photo: AFP)

"ရေငုပ်သမားတွေက ခိုရွန်ကျွန်း အနီးတဝိုက် ရေပြင်မှာ ရှာဖွေနေကြပါတယ်၊ အခြား ရှာဖွေရေးသမားတွေက ကျွန်းပေါ်က တောအုပ်ထဲမှာ လိုက်လံရှာဖွေနေပါတယ်၊ အခုအချိန်အထိတော့ ပျောက်နေဆဲ့ ဗြိတိန်အမျိုးသမီးကို ရှာမတွေ့သေးပါဘူး" လို့ Preah Sihanouk ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးမှ ပြောခွင့်ရအမျိုးသား Kheang Phearun က ပြောပါတယ်။

ဗြိတိန်မီဒီယာတွေမှာ ဖော်ပြမှုအရ အမ်မီလီယာက အခြား ကမ္ဘာလှည့်ခရီးသည်တွေနဲ့ မိတ်ဆွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ အမ်မီလီယာက သူမရဲ့ တည်းခိုဆောင်ကို ပြန်ရောက်မလာခဲ့ဘဲ ပျောက်ဆုံးနေကြောင်း သတိပြုမိခဲ့ကြပါတယ်။ အမ်မီလီယာရဲ့ အိတ်နဲ့ဖုန်းကို သူမအား နောက်ဆုံးတွေ့ခဲ့ရတဲ့နေရာမှ ရှာဖွေတွေ့ရှိခဲ့ပြီး သူမ ပျောက်ဆုံးမှုက ဗီယက်နမ်အာဏာပိုင်တွေအတွက် ပဟေဠိဆန်ဆန် ဖြစ်နေပါတယ်။

(ကမ္ဘောဒီးယားမှာ ပျောက်ဆုံးနေသည့် ဗြိတိန်သူ အမ်မီလီယာ) (Photo: PA)

အမ်မီလီယာ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဗြိတိန်မှထွက်ခွာလာခဲ့ပြီး သူမရဲ့ ဗီယက်နမ်လူမျိုး ဖခင်ဖြစ်သူကို တွေ့ဆုံရန် ဗီယက်နမ်သို့ ပထဆုံးသွားရောက်ခဲ့ပါတယ်။ ထို့နောက် အမ်မီလီယာက ဖခင်နဲ့အတူ ကမ္ဘောဒီးယားကို ရောက်ရှိလာခဲ့ကာ သူမက ခိုရွန်ကျွန်းသို့သွားရောက်ပြီး တည်းခိုဆောင်တစ်ခုမှာ တည်းခိုနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုခရီးစဉ်မှာ အမ်မီလီယာနဲ့အတူ သူမရဲ့သူငယ်ချင်း ရိုင်ယန်ဟာရစ်ဆိုသူလည်း လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားမှာ ပျောက်ဆုံးနေတဲ့ အမ်မီလီယာဟာ စေ့စပ်သေချာသူတစ်ဦးဖြစ်ပြီး ယခုခရီးစဉ်ထွက်ရန်အတွက် Lloyds ဘဏ်မှာ အလုပ်လုပ်ပြီး နှစ်နှစ်ကြာ ငွေစုဆောင်းကာ ပြင်ဆင်နေခဲ့တယ်လို့ သူမရဲ့အမက ပြောပါတယ်။

(အမဖြစ်သူထံ ပေးပို့ခဲ့သည့် ကမ်းခြေပါတီပွဲမှ အမ်မီလီယာ၏ပုံ) (Photo: Georgie Bambridge)

ယခုအခါ အမ်မီလီယာရဲ့ ဖခင်နဲ့အစ်ကိုဖြစ်သူတို့ဟာ ခိုရွန်ကျွန်းကိုရောက်ရှိလာကြပြီး သူမကို ကိုယ်တိုင် လိုက်လံရှာဖွေမယ်လို့ ဆိုပါတယ်။ အမ်မီလီယာရဲ့ မိခင်ဖြစ်သူ လင်ဒါကလည်း ခိုရွန်ကျွန်းကို လာရောက်နေပြီလို့ သိရပါတယ်။

လက်ရှိမှာ ဗြိတိန်ကျောင်းသူ အမ်မီလီယာကို ရှာဖွေးရေးအဖွဲ့တွေနဲ့အတူ ဒရုန်းများ အသုံးပြီးလည်း ရှာဖွေနေဆဲဖြစ်ပြီး သူမဟာ ရေနစ်ခဲ့ဖွယ်ရှိကြောင်း ကမ္ဘောဒီးယား အာဏာပိုင်တွေကပြောကြောင်း Daily Mail သတင်းက ဖော်ပြပါတယ်။ နောက်ဆက်တွဲသတင်းအရ အမ်မီလီယာ ပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီး ခိုရွန်ကျွန်းပေါ်ရှိ စားသောက်ဆိုင်၊ ဟိုတယ်နဲ့ တည်ခိုးခန်းတွေမှာ အလုပ်လုပ်ကိုင်သူ အမျိုးသားခြောက်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။


က္က