လေဆိပ်မှာရပ်နားခဲ့တဲ့ လေယာဉ်ပေါ်မှာ အိပ်ပျော်ပြီး ကျန်နေခဲ့ပါတယ်။
Ko John

ကနေဒါလေကြောင်းလိုင်းဖြင့် ခရီးသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ခရီးစဉ်အတွင်း အိပ်ပျော်သွားခဲ့ရာမှ လေယာဉ်ပေါ်မှာ တစ်ဦးတည်း ကျန်နေရစ်ခဲ့တယ်လို့ ဆိုပါတယ်။

(တိုရွန်တိုလေဆိပ်) (Photo: Alamy)

အဆိုပါ အမျိုးသမီးဟာ တိုရွန်တိုလေဆိပ်မှာ ဆင်းသက်ရပ်နားခဲ့တဲ့ လေယာဉ်ပေါ်မှာ တစ်ဦးတည်းကျန်နေခဲ့ကြောင်းနဲ့ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ကနေဒါလေကြောင်းလိုင်း (Air Canada) က အတည်ပြုခဲ့ကြောင်း BBC သတင်းမှာဖော်ပြပါတယ်။

တစ်ဖနီအဒမ်စ် အမည်ရှိ ခရီးသည်အမျိုးသမီးက Quebec မြို့မှ တိုရွန်တိုမြို့ကို ဇွန်လ ၉ ရက်နေ့က ကနေဒါလေကြောင်းလိုင်း လေယာဉ်ဖြင့် လိုက်ပါလာခဲ့စဉ် မိနစ် ၉၀ ကြာ ပျံသန်းရတဲ့ ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာ အိပ်ပျော်သွားခဲ့တယ်လို့ သူမရဲ့ Facebook မှာ ရေးသားထားပါတယ်။ ထို့နောက် သူမ နိုးလာချိန်မှာ လေယာဉ်ဟာ လေဆိပ်မှာ ဆင်းသက်ရပ်နားထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။

(Photo: Alamy)

လေယာဉ်ပေါ်မှာ အေးစက်မှောင်မဲနေပြီး အလွန်ကြောက်လန့်သွားခဲ့ကြောင်းနဲ့ အိပ်မက်ဆိုးတစ်ခုလို ခံစားခဲ့ရကြောင်း အဒမ်စ်က ဖွင့်ဟခဲ့ပါတယ်။ အဒမ်စ်က အသက်ရှူနိုင်ရန်နဲ့ ကြောက်စိတ်ကိုထိန်းချုပ်နိုင်ရန် ကြိုစားခဲ့ရတယ်လို့ ပြောပါတယ်။ သူမရဲ့အဖြစ်ကို သူငယ်ချင်းဖြစ်သူ Noel-Dale ထံ ဖုန်းဆက်သွယ်ပြောခဲ့ပြီးနောက်မှာ ဖုန်းကလည်း ဘက်ထရီအားကုန်ပြီး ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။

အဒမ်စ်က အမှောင်ထဲမှာပင် ဖုန်းအားသွင်းနိုင်ရန် ကြိုးပမ်းခဲ့သေးပေမဲ့ ရပ်ထားတဲ့လေယာဉ်ပေါ်မှာ ဓာတ်အားမရှိတာကြောင့် ဘက်ထရီအားမသွင်းနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လေယာဉ်ပေါ်မှာ တစ်ဦးတည်း အိပ်ပျော်ကျန်နေခဲ့တဲ့ အဒမ်စ်ကို ခရီးဆောင်အိတ်များ တွန်းလှည်းဖြင့်သယ်ဆောင်သူက တွေ့ရှိသွားခဲ့ပြီးနောက် လေယာဉ်တံခါးဖွင့်ပေးခဲ့ပါတယ်။

(Photo: AFP)

ခရီးဆောင်အိတ်တွန်းလှည်းတွန်းသူဟာ လေယာဉ်ပေါ်မှာ အိပ်ပျော်နေခဲ့တဲ့ သူမကကို သက်ဆိုင်ရာ လေယာဉ်အမှုထမ်းတွေက သတိမပြုမိဘဲ ထွက်ခွာသွားခဲ့ကြမှုအပေါ် အံ့သြတကြီး ဖြစ်နေခဲ့တယ်လို့ အဒမ်စ်က ပြောပါတယ်။ သူမရဲအဖြစ်ကို သိရှိသွားခဲ့ပြီးနောက် ကနေဒါလေကြောင်းလိုင်းက ဇိမ်ခံမှန်လုံးကားတစ်စီးလွှတ်ပေးပြီး ဟိုတယ်မှာတည်းခိုနိုင်ရန် စီစဉ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်းနဲ့ ထိုစဉ်က သူမရဲ့အိပ်ကိုပဲ သွားချင်မိခဲ့ကြောင်း အဒမ်စ်က ဖွင့်ဟခဲ့ပါတယ်။

"ဒီကိစ္စကို ပြန်သုံးသပ်နေဆဲ ဖြစ်ပါတယ်၊ ဒါကြောင့် နောက်ထပ် အသေးစိတ်တွေ မပြောနိုင်သေးပါဘူး၊ ဒါပေမဲ့ လေယာဉ်စီးခရီးသည်နဲ့ အဆက်အသွယ်ရှိပါတယ်" လို့ လေကြောင်းလိုင်းကပြောကြောင်း ကနေဒါသတင်းဌာန Global News က ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က