Kiki challenge ကို ရထားတစ်စီးပေါ်မှာ လုပ်ဆောင်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့မှ အမျိုးသားသုံးဦးဟာ လတ်တလော အွန်လိုင်းမှာ ခေတ်စားနေတဲ့ Kiki challenge ကို ရထားတစ်စီးနဲ့အတူ ပြုလုပ်ခဲ့ရာမှ အပြစ်ပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။



Kiki challenge လုပ်ရာမှ အပြစ်ပေးခံရသူသုံးဦး (Photo: Mumbai Live)



Kiki challenge ကို အခြားသူတွေကဲ့သို့ ကားတစ်စီးပေါ်မှာ မဟုတ်ဘဲ ရထားတစ်စီးပေါ်မှာ လုပ်ဆောင်ခဲ့တဲ့ အိန္ဒိယအမျိုးသားသုံးဦးကို ဘူတာရုံတစ်ခုမှာ သုံးရက်ကြာ သန့်ရှင်းရေးလုပ်ဆောင်ရန် အပြစ်ပေးခဲ့ကြောင်း သိရပါတယ်။

၎င်းတို့ရဲ့ ဗီဒီယိုက အိန္ဒိယပြည်နယ်တွေမှာ Kiki challenge ကို မတူညီတဲ့ပုံစံများဖြင့် လုပ်ဆောင်နေကြကြောင်း ဖော်ပြရာလည်းရောက်ခဲ့ပါတယ်။ My Feelings challenge လို့လည်းခေါ်ဝေါ်ကြတဲ့ Kiki challenge မှာ လူတွေက ကနေဒါအဆိုတော် Drake ရဲ့ တေးသွားနဲ့အတူ ကပြကြရတာဖြစ်ပါတယ်။

 

Photo: Funcho Entertainment



အွန်လိုင်းမှာ လွှင့်တင်ပျံ့နှံ့ခဲ့ကြတဲ့ ဗီဒီယိုအများအပြားမှာ တွေ့မြင်ရမှုအရ လူတွေက ဖြေးညှင်းစွာ ရွေ့လျားနေတဲ့ ကားတစ်စီးရဲ့ ဘေးကနေလိုက်ပါပြီး တေးသွားနဲ့အတူ ကပြနေပုံကို ကားမောင်းသူက ဗီဒီယိုရိုက်ထားပါတယ်။ Kiki challenge ခေတ်စားလာမှုကို အိန္ဒိယအပါအဝင် နိုင်ငံအချို့မှာ အာဏာပိုင်တွေက သတိပေးမှုတွေလည်း ရှိခဲ့ပါတယ်။

အိန္ဒိယရထားတစ်စင်းနဲ့အတူ Kiki challenge လုပ်ပြီး ကပြခဲ့တဲ့ ဗီဒီယိုကို YouTube မှာ ဟာသဗီဒီယိုများ တင်လေ့ရှိတဲ့ Funcho Entertainment အကောင့်ဖြင့် လွှင့်တင်ထားခဲ့ရာ သြဂုတ် ၉ ရက်နေ့အထိ ကြည့်ရှုသူ ၂ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။

Photo: My Village Show Instagram



အဆိုပါ ဗီဒီယိုထဲမှာ အမျိုးသားတစ်ဦးက ရထားပေါ်ကနေဆင်းကာ တေးသွားနဲ့အတူ ကပြခဲ့ပြီး ၎င်းရဲ့ သူငယ်ချင်းတွေက မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ခဲ့ကြပါတယ်။ ထို့နောက် ရထား စတင်ရွေ့လျားချိန်မှာ အဆိုပါ အိန္ဒိယအမျိုးသား ရထားဘေးကနေ အပြေးလိုက်လာရင်း ကပြနေခဲ့တာ တွေ့ရပါတယ်။

ထို့အတူ ရထားပေါ်မှ အမျိုးသားတစ်ဦးကလည်း ရထားတွဲကနေ ကိုယ်တစ်ပိုင်းထွက်ပြီး Kiki challenge အတိုင်း ကပြခဲ့တာကို ဗီဒီယိုထဲမှာ တွေ့ခဲ့ရပါတယ်။

Photo: Warso Moe Oo Facebook



"ကျွန်တော်တို့ ဒီဗီဒီယိုကို YouTube မှာ တွေ့ခဲ့ရပြီး CCTV မှတ်တမ်းအရလည်း Virar ဘူတာရုံမှာ ရထားနဲ့အတူ Kiki challenge လုပ်နေတဲ့ သူတို့ကို တွေ့ခဲ့ပါတယ်" လို့ ရထားသယ်ယူပို့ဆောင်ရေးမှ အကြီးတန်းအရာရှိ Anup Shukla က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကလည်း အိန္ဒိယမှာ လယ်ထွန်နေတဲ့ အမျိုးသားနှစ်ဦးက Kiki challenge အတိုင်း ကပြခဲ့တဲ့ ဗီဒီယိုတစ်ခုကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ရာ ကြည့်ရှုသူများအတွက် ရယ်ရွှင်စရာဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ထင်ရှားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သူ ဝါဆိုမိုးဦးက Kiki challenge ကပြမှု ဗီဒီယိုကို Facebook မှာ လွှင့်တင်ထားခဲ့ရာ သြဂုတ် ၉ ရက်အထိ ကြည့်ရှုသူ ၁.၃ သန်းကျော်ရှိတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က