လေယာဉ်ကွင်းကနေ ထွက်ခွာခဲ့ပြီး မကြာမီမှာပင် လေယာဉ်တံခါးဖွင့်ပြီး ခုန်ချသွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ ကိန်းဘရစ်ချ်တက္ကသိုလ် ကျောင်းသူတစ်ဦးဟာ မာဒါဂတ်စကာနိုင်ငံ ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ လေယာဉ်ငယ်တစ်စီးပေါ်မှ တံခါးဖွင့်ပြီး ခုန်ချသေဆုံးသွားခဲ့ကြောင်း The Sun သတင်းက ပြောပါတယ်။

(တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့စဉ်က အလန်နာ) (Photo: Alana Cutlan/Facebook)

ဘက်ကင်ဟမ်ရှိုင်းယားကောင်တီ မီလ်တန်ကီးနက်စ်မြို့မှ အသက် ၁၉ နှစ်အရွယ် အလန်နာကတ်လန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သေဆုံးခဲ့ကြောင်း မာဒါဂတ်စကာ နိုင်ငံခြားရေးရုံးက အတည်ပြုခဲ့ပါတယ်။ အလန်နာက လေယာဉ်တံခါးဖွင့်ပြီး မည်သည့်အတွက် ခုန်ချသွားခဲ့ကြောင်း အတိအကျ မပြောနိုင်သေးဘူးလို့ မာဒါဂတ်စကာရဲတပ်ဖွဲ့က ကနဦး ထုတ်ပြန်ထားပါတယ်။



ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ သီအိုရီတစ်ခုအရ ကိန်းဘရစ်ချ်တက္ကသိုလ်ကျောင်းသူဟာ ငှက်ဖျားကာကွယ်ဆေးနဲ့ မတည့်တဲ့လက္ခဏာ ပြင်းထန်စွာ ခံစားခဲ့ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ The Sun သတင်းကတော့ အလန်နာဟာ သူမရဲ့ သုတေသနခရီးစဉ် မအောင်မြင်ခဲ့ပြီးနောက် စိတ်လွတ်သွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

(အလန်နာနှင့် သူမ၏ မိဘများ) (Photo: Alana Cutlan/Facebook)

အလန်နာရဲ့ မိသားစုကတော့ သွက်လက်ထက်မြက်ပြီး အမှီအခိုကင်းတဲ့ အမျိုးသမီးငယ် သေဆုံးခဲ့မှုအပေါ် အလွန်ဝမ်းနည်းကြေကွဲနေကြပါတယ်။ အလန်နာဟာ ဇူလိုင် ၂၅ ရက်နေ့ မာဒါဂတ်စကာမြောက်ပိုင်း အစွန်းအဖျားဒေသရှိ လေယာဉ်ကွင်းတစ်ခုကနေ ထွက်ခွာခဲ့ပြီး မကြာမီမှာပင် လေယာဉ်တံခါးဖွင့်ပြီး ခုန်ချသွားခဲ့တာ ဖြစ်ပါတယ်။

အလန်နာ လေယာဉ်တံခါးဖွင့်ပြီး ခုန်ချခဲ့စဉ် အတူရှိနေသူတွေက ဝိုင်းဆွဲခဲ့ကြသေးပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ သူမ ခုန်ချသွားခဲ့စဉ် လေယာဉ်ဟာ အမြင့်ပေ ၃,၅၀၀ မှ ၅,၀၀၀ ကြားမှာ ရှိနေခဲ့တယ်လို့ သတင်းတွေက ပြောပါတယ်။

(ဗြိတိန်တက္ကသိုလ်ကျောင်းသူ အလန်နာကတ်လန်း) (Photo: Alana Cutlan/Facebook)

လေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့တဲ့ အလန်နာဟာ ကိန်းဘရစ်ချ်ကတက္ကသိုလ်ရဲ့ ရော်ဘင်ဆင်ကောလိပ်မှာ သဘာဝသိပ္ပံပညာရပ်ကို အထူးပြုသင်ကြားနေပြီး မာဒါဂတ်စကာသို့ သုတေသနခရီးစဉ် လာရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန်အာဏာပိုင်တွေကတော့ အလန်နာ သေဆုံးမှုကို သြဂုတ် ၁ ရက်နေ့အထိ အတည်ပြုခြင်း မရှိသေးပါဘူး။ မာဒါဂတ်စကာရဲတပ်ဖွဲ့က ရဟတ်ယာဉ်တစ်စီးနဲ့ မြေပြင်အဖွဲ့များသုံးပြီး အလန်နာရဲ့အလောင်းကို လိုက်လံရှာဖွေခဲ့ကြပါတယ်။

(အလန်နာ လိုက်ပါစီးနင်းခဲ့သည့် လေယာဉ်အမျိုးအစား) (Photo: Alamy)

အလန်နာ လေယာဉ်ပေါ်မှ ခုန်ချသွားခဲ့တဲ့ နေရာဟာ အစွန်အဖျားနေရာ ဖြစ်တာကြောင့် သူမရဲ့ အလောင်းကို ပြန်ရှာမတွေ့မှာကို စိုးရိမ်နေကြပါတယ်။ မာဒါဂတ်စကာနိုင်ငံဟာ အာဖရိကရဲ့ အရှေ့တောင်ဘက်ကမ်းလွန်ရှိ ကျွန်းနိုင်ငံဖြစ်ပြီး ထိုနေရာမှာသာ တွေ့ရှိရတဲ့ တောရိုင်းတိရစ္ဆာန်တွေကြောင့် ထင်ရှားကျော်ကြားပါတယ်။

Share

Loading Next Article...
က္က