ကမ္ဘာကျော် ဟူဒီနီပြကွက်ကို ပြသရန်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
Ko John

အိန္ဒိယမျက်လှည့်ပညာရှင်တစ်ဦးက ဟန်ဂေရီဖွား အမေရိကန်နိုင်ငံသား မျက်လှည့်ပညာရှင်နဲ့ စတန့်သမား ဟယ်ရီဟွူဒီနီ (Harry Houdini) ရဲ့ ကမ္ဘာကျော်ပြကွက်ကို ပြသနိုင်ရန်လုပ်ဆောင်စဉ် ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

(မျက်လှည့်ပညာရှင် ချန်ချဲလ်ကို မြစ်အတွင်းချခဲ့စဉ်) (Photo: Reuters)

ချန်ချဲလ်လာဟီရီ (Chanchal Lahiri) အမည်ရှိ အိန္ဒိယမျက်လှည့်သမား ၎င်းရဲ့ခန္ဓာကိုယ်ကို သံကြိုးဖြင့် တုပ်နှောင်ကာ ရေထဲသို့ချခိုင်းပြီးနောက် မျက်လှည့်ပညာစွမ်းဖြင့် ကြိုးဖြေပြီး ရေကူးလွတ်မြောက်လာမယ့် ပြကကွက်ကို ပြသရန်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ သို့သော် ချန်ချဲလ်ကို အနောက်ဘင်ဂေါပြည်နယ်ရှိ Hooghly ခရိုင်ရှိ မြစ်အတွင်း ပစ်ချခဲ့ပြီးနောက် ပြန်ပေါ်မလာခဲ့တာကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဇွန် ၁၆ ရက်) က ထိုပြကွက်ကို လာရောက်စုရုံးကြည့်ရှုခဲ့ကြတဲ့ ပရိသတ်တွေက အချိန်အတော်ကြာတဲ့အထိ မြစ်ထဲကနေ ချန်ချဲလ် ပြန်ပေါ်လာတဲ့ မတွေ့ရပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြတယ်လို့ ဆိုပါတယ်။ ထို့နောက် မျက်လှည့်ပညာရှင် ချန်ချဲလ်ကို မြစ်အတွင်း လိုက်လံရှာဖွေခဲ့ကြပါတယ်။

(ချန်ချဲလ်ရဲ့ ခန္ဓာကိုယ်နဲ့ ခြေလက်များကို တုပ်နှောင်ထားမှု) (Photo: Reuters)

ထိုသို့ ရှာဖွေခဲ့ကြရာမှာ မျက်လှည့်ပညာရှင် ချန်ချဲလ်ရဲ့အလောင်းကို တနင်္လာနေ့ (ဇွန် ၁၇ ရက်) နှောင်းပိုင်းမှာ ပြကွက်ပြသရန် လုပ်ဆောင်ခဲ့တဲ့နေရာမှာ တစ်မိုင်နီးပါးအကွာမှာ ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။ ချန်ချဲလ်က မျက်လှည့်ပြကွက် ပြသရန်အတွက် ၎င်းရဲ့ ခန္ဓာကိုယ်ကို သော့ခလောက်ခြောက်ခုနဲ့ သံကြိုးဖြင့် တုပ်နှောင်ထားစေခဲ့ပါတယ်။ ဒါ့အပြင် ခြေနဲ့လက်ကိုလည်း ကြိုးဖြင့်တုပ်နှောင်ထားခဲ့တာ တွေ့ခဲ့ရပါတယ်။

ချန်ချဲလ်ရဲ့ပြကွက်ကို လူအုပ်စုအချို့က မြစ်ကမ်းနဲ့ အထင်ကရဖြစ်တဲ့ Howrah တံတားပေါ်ကနေ စုရုံးကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ သော့ခလောက်နဲ့သံကြိုးဖြင့် တုပ်နှောင်ထားတဲ့ ချန်ချဲလ်ကို မြစ်ထဲသို့ချခဲ့ပြီးနောက် ၁၀ မိနစ်ကျော် ကြာမြင့်တဲ့အထိ ပြန်ပေါ်မလာခဲ့ရာ လူအုပ်စုက စိုးရိမ်ပူပန်လာခဲ့ကြပါတယ်။ ထို့နောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီး လိုက်လံရှာဖွေခဲ့ရာမှာတော့ ရေနစ်သေဆုံးသွားတဲ့ ချန်ချဲလ်ရဲ့အလောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

(ဟယ်ရီဟူဒီနီက ကမ္ဘာကျော်မျက်လှည့်ပြကွက် ပြသခဲ့စဉ်) (Photo: Corbis)

ချန်ချဲလ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ၁၉၉၈ ခုနှစ်အတွင်းက ၎င်းကို ဖန်ဘူးတစ်ခုအတွင်း ပိတ်ထားစေလျက် မြစ်ထဲသို့ချခိုင်းခဲ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ ပြကွက်တစ်ခုကို အောင်မြင်စွာ ပြသနိုင်ခဲ့တယ်လို့ သိရပါတယ်။ သို့သော် ယခုတစ်ကြိမ် သော့ခလောက်နဲ့ သံကြိုးဖြင့် တုပ်နှောင်ကာ ရေထဲသို့ချခိုင်းပြီး ပြန်လွတ်မြောက်လာမယ့် မျက်လှည့်ပြကွက်မှာတော့ မအောင်မြင်ခဲ့ဘဲ အသက်ဆုံးရှုံးခဲ့ရတာည်း ဖြစ်ပါတယ်။

ယခု ပြကွက်ကို မလုပ်ဆောင်မီ ပြကွက်ကို မှတ်တမ်းတင်ရန် ရောက်ရှိနေတဲ့ ဒေသခံ သတင်းစာတိုက်မှ ဓာတ်ပုံဆရာ Jayanta Shaw က မည်သည့်အတွက် အသက်ကိုစွန့်ပြီး မျက်လှည်ပြရန် လုပ်ဆောင်ကြောင်း ချန်ချဲလ်ကို မေးမြန်းခဲ့တယ်လို့ BBC သတင်းဌာနကို ပြောပါတယ်။

(၁၉၉၈ ခုနှစ်မှာ အောင်မြင်စွာ ပြသနိုင်ခဲ့တဲ့ ချန်ချဲလ်ရဲ့ မျက်လှည့်ပြကွက်) (Photo: Sky News)

ထိုသို့ မေးမြန်းခဲ့ရာမှာ ချန်ချဲလ်က "တစ်ကယ်လို့ ကျွန်တော်လုပ်နိုင်ခဲ့ရင် ဒါက မျက်လှည့်ပေါ့၊ တစ်ကယ်လို့ ကျွန်တော် မလုပ်နိုင်ဘဲ အမှားအယွင်းဖြစ်ခဲ့ရင် ဝမ်းနည်းစရာပေါ့ဗျာ" လို့ ပြန်လည်ဖြေကြေားခဲ့ကြောင်း သိရပါတယ်။ မျက်လှည့်ပညာကို ပြန်လည်စိတ်ဝင်စားလာကြရန်လည်း ယခုပြကွက်ကို ပြသချင်ခဲ့ကြောင်းလည်း ချန်ချဲလ်က ဖွင့်ဟခဲ့တယ်လို့ဆိုပါတယ်။



Author


က္က