ကျောင်းသူကျောင်းသားတွေရဲ့ အခြေအနေကို ကျန်းမာရေးအာဏာပိုင်များထံသို့ နေ့စဥ် သတင်းပို့ရမှာပါ။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 စတင်တွေ့ရှိခဲ့ရပြီး တစ်ချိန်က ကူးစက်မှုတွေ အဆိုးဆုံး ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့မှာ စာသင်ကျောင်းများနဲ့ မူကြိုကျောင်းများ အားလုံးကို လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်သွားတော့မယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ပြောပါတယ်။

(Photo: Reuters)

ဝူဟန်မြို့ရှိ စာသင်ကျောင်း ၂,၈၄၂ ကျောင်းကို ပြန်ဖွင့်သွားမှာဖြစ်ပြီး ကျောင်းသူကျောင်းသား ၁.၄ သန်း ကျောင်းပြန်တက်နိုင်တော့မယ်လို့ ဒေသဆိုင်ရာ အစိုးရက သောကြာနေ့ (ဩဂုတ် ၂၈ ရက်) မှာ ကြေညာပါတယ်။ ဝူဟန်တက္ကသိုလ်ကိုတော့ တနင်္လာနေ့ (ဩဂုတ် ၂၄ ရက်) မှာ ပြန်ဖွင့်ထားပြီ ဖြစ်ပါတယ်။



ဝူဟန်မြို့ အာဏာပိုင်တွေက ကူးစက်မှုအန္တရာယ် အပြောင်းအလဲရှိလာပါက အွန်လိုင်းစနစ်ဖြင့် ပြန်လည်သင်ကြားရန် အရေးပေါ်အစီအစဥ်တွေကိုလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ကျောင်းသူကျောင်းသားတွေကို ကျောင်းအသွားအပြန် mask တပ်ရန်နဲ့ ဖြစ်နိုင်ပါက အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးမပြုကြရန် တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။

(Photo: AFP)

ကျောင်းတွေကိုလည်း COVID-19 ကူးစက်မှုထိန်းချုပ်ရေး ပစ္စည်းကိရိယာများ စုဆောင်းထားရှိရန်နဲ့ ကူးစက်မှုအသစ်တွေအတွက် ကြိုတင်ပြင်ဆင်ရန် လေ့ကျင့်ဇာတ်တိုက်မှုများ လုပ်ဆောင်ထားကြရန် ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ ထို့အတူ ကျောင်းတွေမှာ မလိုအပ်ဘဲ စုဝေးမှုကို ပိတ်ပင်ကန့်သတ်ထားရမှာဖြစ်ပြီး ကျောင်းသူကျောင်းသားတွေရဲ့ အခြေအနေကို ကျန်းမာရေးအာဏာပိုင်များထံသို့ နေ့စဥ် သတင်းပို့ရမယ်လို့ ညွှန်ကြားထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံခြား ကျောင်းသူကျောင်းသားနဲ့ ဆရာ ဆရာမတွေကိုတော့ ၎င်းတို့ရဲ့ သက်ဆိုင်ရာ ကျောင်းများထံမှ အကြောင်းကြားစာ မရရှိလျှင် ပြန်လာခွင့်မပြုကြောင်း ဝူဟန်မြို့အာဏာပိုင်တွေက ပြောထားပါတယ်။ COVID-19 စတင်တွေ့ရှိခဲ့ရတဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကို ဇန်နဝါရီလနှောင်းပိုင်းမှစပြီး နှစ်လကျော်ကြာ တင်းကျပ်တဲ့ lockdown အစီအမံများဖြင့် ကူးစက်မှုထိန်းချုပ်ရေး ဆောင်ရွက်ခဲ့ပါတယ်။

(Photo: Reuters)

ဝူဟန်မြို့မှာ COVID-19 ကြောင့် သေဆုံးသူ ၃,၈၆၉ ဦးရှိခဲ့ပြီး တရုတ်နိုင်ငံတစ်ဝန်း စုစုပေါင်း သေဆုံးသူအရေအတွက်ရဲ့ ၈၀ ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။ ဝူဟန်မြို့ဟာ lockdown ရုပ်သိမ်းခဲ့တဲ့ ဧပြီလမှစပြီး တဖြည်းဖြည်းချင်း ပုံမှန်အခြေအ‌နေ ပြန်ဖြစ်လာခဲ့ပါတယ်။

ဝူဟန်မြို့မှာ မေ ၁၈ ရက်နောက်ပိုင်း COVID-19 ဒေသတွင်းကူးစက်မှုများ မတွေ့ရှိရတော့ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈၅,၀၂၂ ဦး၊ သေဆုံးသူ ၄,၆၃၄ ဦးနဲ့ ပြန်လည်သက်သာသူ ၈၀,၁၂၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က