Shincheonji Church of Jesus ဘာသာရေးဂိုဏ်း ခေါင်ဆောင် လီမန်ဟီးကို ဖမ်းဆီးလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အစောပိုင်း COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာဖြစ်ခဲ့တဲ့ ဘာသာရေးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ကို ယနေ့ (ဩဂုတ် ၁ ရက်) ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

Shincheonji Church of Jesus ဘာသာရေးဂိုဏ်း ခေါင်ဆောင် အသက် ၈၈ နှစ်အရွယ် လီမန်ဟီး (Lee Man-hee) ကို အစိုးရရဲ့ ကပ်ရောဂါထိန်းချုပ်ရေး အားထုတ်ဆောင်ရွက် နှောင့်နှေးစေရန် လုပ်ဆောင်မှုဖြင့် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ဖေဖေါ်ဝါရီလအတွင်း တွေ့ရှိခဲ့ရတဲ့ COVID-19 ကူးစက်မှု ၄,၀၀၀ ကျော်အနက် ထက်ဝက်ကျော်အရေအတွက်ဟာ လီမန်ဟီးရဲ့ ဘာသာရေးဂိုဏ်းမှဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။



ထိုစဥ်က တောင်ကိုရီးယားဟာ အစောပိုင်း ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံတွေအနက် ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့အထိ စာရင်းတွေအရ တောင်ကိုရီးယားမှာ တွေ့ရှိရတဲ့ ကူးစက်မှုအားလုံးရဲ့ ၃၈ ရာခိုင်နှုန်းဟာ ဘာသာရေးဂိုဏ်းနဲ့ ဆက်နွယ်နေခဲ့တယ်လို့ Korea Centers for Disease Control and Prevention က ပြောထားပါတယ်။

(Photo: Kim Ju-sung/AP)

ဘာသာရေးဂိုဏ်းခေါင်းဆောင် လီမန်ဟီးဟာ တာဝန်ရှိသူတွေက COVID-19 ထိန်းချုပ်ရေး ဆောင်ရွက်ရာမှာ မမှန်ကန်တဲ့ ဂိုဏ်းဝင်များ စုဝေးမှုမှတ်တမ်းများနဲ့ ဂိုဏ်းဝင်တွေရဲ့ အမည်စာရင်းမှားကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ Suwun ခရိုင်တရားရုံးက ယနေ့ မနက် ၁ နာရီ ၂၀ မိနစ်မှာ ဖမ်းဝရမ်းထုတ်ပေးခဲ့ပြီးနောက် မနက်အစောပိုင်းမှာ လီမန်ဟီးကို ဖမ်းဆီးခဲ့ကြောင်း တရားရုံးပြောခွင့်ရအမျိုးသားက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ဘာသာရေးဂိုဏ်းခေါင်းဆောင် လီမန်ဟီးဟာ သက်သေတွေကို စနစ်တကျ ဖျက်ဆီးပစ်ရန် ကြိုးပမ်းခဲ့တဲ့ အခြေအနေရှိခဲ့ကြောင်း တရားသူကြီးက ပြောခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြပါတယ်။ Shincheonji က ဂိုဏ်းဝင်တွေဟာ ၎င်းတို့ရဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီး လူသိရှင်ကြားဖြစ်လာပါက လူမှုအသိုင်းအဝိုင်းရဲ့ ကဲ့ရဲ့ပြစ်တင်မှုနဲ့ ခွဲခြားဆက်ဆံခံရမှုတို့ ကြုံတွေ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

(Photo: The Guardian)

ဂိုဏ်းခေါင်းဆောင် လီမန်ဟီးဟာ ဘာသာရေးဂိုဏ်းရဲ့ရန်ပုံငွေ ဝမ်ငွေ ၅.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၆၉ သန်း) ကို အလွဲသုံးစားပြုမှုနဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ ခွင့်ပြုချက်မရှိဘဲ ဘာသာရေးအခမ်းအနားများ ကျင်းပပြုလုပ်မှုတို့ဖြင့်လည်း တရားစွဲခံရပါတယ်။

လီမန်ဟီးက COVID-19 ကူးစက်ပျံ့နှံ့မှုအတွက် ပြီးခဲ့တဲ့ မတ်လအတွင်း လူသိရှင်ကြား တောင်းပန်ခဲ့ကြောင်းလည်း သိရပါတယ်။ လူဦးရေ ၅၂ သန်းရှိတဲ့ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၄,၃၃၆ ဦး၊ သေဆုံးသူ ၃၀၁ ဦးနဲ့ ပြန်လည်သက်သာသူ ၁၃,၂၃၃ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က