ခြေနင်းအပျော်စီးလှေငယ် ၇၀ ပေါ်မှာထိုင်ပြီး ရုပ်ရှင်ကြည့်ရှုနိုင်မှာပါ။

မီးအလင်းရောင် တလက်လက်ထနေတဲ့ တဲလ်အဗစ်ရေကန်ရဲ့ ရေပြင်မှာ ရုပ်ရှင်ကြည့်ပရိသတ်တွေက လှေစီးရင်းနဲ့ အစ္စရေးရဲ့ ပထမဆုံး လှေပေါ်မှကြည့်ရတဲ့ ရုပ်ရှင်ရုံ စမ်းသပ်ပြသမှုကို ကြည့်ရှုခဲ့ကြပါတယ်။

(Photo: Reuters)

ကြာသပတေးနေ့ (ဩဂုတ် ၂၀ ရက်) က လှေပေါ်ကနေကြည့်ရတဲ့ အစ္စရေးရဲ့ ပထမဆုံး ရေပေါ်ရုပ်ရှင်ရုံမှာ ရုပ်ရှင်စမ်းသပ်ပြသခဲ့တာ ဖြစ်ပါတယ်။ COVID-19 ကန့်သတ်ချက်တွေကြောင့် မိုးလုံလေလုံ ရုပ်ရှင်ရုံတွေ ပိတ်ထားရချိန်မှာ တဲလ်အဗစ်မြို့ အုပ်ချုပ်ရေးအဖွဲ့က ရေပေါ်ရုပ်ရှင်ရုံ ဖွင့်လှစ်လိုက်ပြီး ရုပ်ရှင်ပရိသတ်တွေအတွက် ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကင်းပြီး ခပ်ခွာခွာအနေအထားဖြင့် ရုပ်ရှင်ကြည့်ရှုနိုင်ရန် ဖန်တီးပေးခဲ့ပါတယ်။ Yarkon ပန်းခြံအတွင်း ရေကန်မှာ ဖွင့်လှစ်လိုက်တဲ့ အစ္စရေးရဲ့ ပထမဆုံး ရေပေါ်ရုပ်ရှင်မှာ ခြေနင်းအပျော်စီးလှေငယ် ၇၀ ပေါ်မှာထိုင်ပြီး ရုပ်ရှင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။



(Photo: Reuters)

ရေပေါ်ရုပ်ရှင်ရုံမှာ ဩဂုတ်လ နောက်ဆုံးပတ်မှစပြီး ညစဥ်ညတိုင်း ရုပ်ရှင်ဇာတ်ကားနှစ်ကား ပြသသွားမယ်လို့ သိရပါတယ်။ ဩဂုတ် ၂၀ ရက်နေ့က စမ်းသပ်ပြသပွဲကို လူ ၃၀၀ ခန့် တက်ရောက်ခဲ့ကြပြီး မိသားစုဟာသဇာတ်ကား Paddington 2 ကို ပြသခဲ့ပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ မေလအတွင်း COVID-19 ကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်ရှိမှာ ကူးစက်မှုဒုတိယလှိုင်း ကြုံနေရပါတယ်။ လက်ရှိအချိန်မှာ အစ္စရေးနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၉၈,၅၅၀ ဦးနဲ့ သေဆုံးသူ ၇၈၉ ဦး ရှိခဲ့ပါတယ်။

(Photo: Reuters)

အရှေ့တောင်အာရှမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာလည်း COVID-19 ကူးစက်မှုအန္တရာယ်ကင်းစေရန် ကားပေါ်မှကြည့်ရှုနိုင်တဲ့ ရုပ်ရှင်ရုံသစ်ကို ဇူလိုင်လဆန်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဘန်ကောက်မြို့ရှိ ကားပေါ်ကနေ ကြည့်ရှုရတဲ့ ရုပ်ရှင်ရုံသစ်မှာ ကားတစ်စီးကို ထိုင်းဘတ်ငွေ ၁,၂၀၀ (မြန်မာကျပ်ငွေ ၅၂,၀၀၀ ကျော်) ပေးရပြီး ပြောင်းဖူးပေါက်ပေါက်နဲ့ အအေးဖိုးလည်း ပါဝင်ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က