ကမ္ဘာတစ်ဝန်း ကျောင်းသူကျောင်းသား သုံးပုံတစ်ပုံဟာ နေအိမ်ကနေ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားနိုင်ခြင်း မရှိကြ

COVID-19 ကပ်ရောဂါကာလအတွင်း စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရပြီး ကမ္ဘာတစ်ဝန်း ကျောင်းသူကျောင်းသား အနည်းဆုံး သုံးပုံတစ်ပုံဟာ နေအိမ်ကနေ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားနိုင်ခြင်း မရှိကြကြောင်း ဩဂုတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ လေ့လာမှုက ပြောထားပါတယ်။

(Photo: Heo Ran/Reuters)

ခန့်မှန်းခြေအားဖြင့် ကမ္ဘာတစ်ဝန်းရှိ ကလေး ၄၆၃ သန်းဟာ လိုအပ်တဲ့ ပစ္စည်းကိရိယာမရှိခြင်း သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးမှုမရှိခြင်းတို့ကြောင့် နေအိမ်ကနေ ပညာသင်ကြားနိုင်ခြင်း မရှိဘူးလို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အစီရင်ခံစာက ဖော်ပြပါတယ်။



"ကလေးတွေအများကြီးရဲ့ ပညာရေးက လနဲ့ချီကြာ လုံးဝ ပြတ်တောက်သွားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပညာရေးအရေးပေါ်အခြေအနေ ဖြစ်ပါတယ်" လို့ UNICEF ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Henrietta Fore က ပြောပါတယ်။ "ဒီဂယက်ရိုက်မှုကို လာမယ့် ဆယ်စုနှစ်များကြာအောင် စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းမှာ ခံစားကြရနိုင်တယ်" လို့လည်း သူမက ဆိုပါတယ်။

(Photo: AP)

ကုလသမဂ္ဂက ခန့်မှန်းထားမှုအရ ကမ္ဘာတစ်ဝန်း ကလေး ၁.၅ ဘီလီဘံဟာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး lockdown အစီအမံများ သို့မဟုတ် ကျောင်းပိတ်ထားတဲ့ကာလတို့ ကြုံကြရတယ်လို့ သိရပါတယ်။ ကလေးတွေ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားနိုင်ရန် နေရာဒေသ မတူညီမှု ကွာဟချက်က အရေးပါကြောင်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

Lockdown နဲ့ ကျောင်းပိတ်ထားမှုကြောင့် ပညာသင်ကြားရေးမှာ အခက်ကြုံရတဲ့ သက်ရောက်မှုဟာ ဥရောပမှာ နည်းပါးပြီး ဥပမာအားဖြင့် အာဖရိကနဲ့ အာရှမှာတော့ ပိုများကြောင်း သိရပါတယ်။ ကုလသမဂ္ဂရဲ့ ယခုအစီရင်ခံစာကို အကြမ်းဖျင်းအားဖြင့် နိုင်ငံပေါင်း ၁၀၀ မှ အချက်အလက်များ စုဆောင်းရရှိမှုအ‌ပေါ် အခြေခံ ပြုစုခဲ့တာဖြစ်ပါတယ်။

(Photo: 24NewsHD)

ထိုနိုင်ငံတွေမှာ အများပြည်သူ အင်တာနက်အသုံးပြုနိုင်မှု၊ ရုပ်မြင်သံကြားနဲ့ ရေဒီယို အသုံးပြုနိုင်မှုတို့ကဲ့သို့ အချက်အလက်တွေကို အခြေခံခဲ့ပါတယ်။ နေအိမ်ကနေ ပညာသင်ကြားနိုင်တဲ့ ကလေးတွေမှာလည်း အခြား အနှောင့်အယှက်တွေ ကြုံရနိုင်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။ နေအိမ်မှာ ကောင်းမွန်တဲ့ သင်ကြားမှုနေရာရှိ မရှိ၊ မိသားစုက အခြား အလုပ်တွေ လုပ်ခိုင်းခြင်းရှိ မရှိ သို့မဟုတ် ကွန်ပျူတာပြဿနာ ကြုံရပါက နည်းပညာအထောက်အပံ့မရှိခြင်းတို့က ကလေးတွေဟာ ပညာသင်ကြားရေးမှာ အနှောင့်အယှက် ဖြစ်နိုင်တယ်လို့ UNICEF အစီရင်ခံစာက ပြောထားပါတယ်။

(Photo: Shutterstock/GulfNews)

အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားခြင်းမရှိတဲ့ ကမ္ဘာတစ်ဝန်း ကျောင်းသူကျောင်းသားများအနက် အာဖရိက အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ၆၇ သန်း၊ အာဖရိက အနောက်ပိုင်းနဲ့ ဗဟိုအာဖရိကမှာ ၅၄ သန်း၊ ပစိဖိတ်ဒေသနဲ့ အရှေ့အာရှမှာ သန်း ၈၀၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ ၃၇ သန်း၊ တောင်အာရှမှာ ၁၄၇ သန်း၊ လက်တင်အမေရိကနဲ့ ကာရေဘီယန်ဒေသမှာ ၁၃ သန်း ပါဝင်ကြောင်း သိရပါတယ်။ အမေရိကန်နဲ့ ကနေဒါတို့ကတော့ အစီရင်ခံစာအတွက် အချက်အလက်တွေ မပေးခဲ့ပါဘူးလို့ AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က