၂၀၂၀ ခုနှစ်ရဲ့ လက်ကျန်အချိန်တွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲနိုင်ပါတယ်။

COVID-19 ကပ်ရောဂါက အာရှဒေသရဲ့ ဖွံဖြိုးတိုးတက်နေတဲ့ စီးပွားရေးကို နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကျဆင်း‌သွားစေခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank - ADB) က ပြောပါတယ်။

(Photo: Erik De Castro/AFP)

နိုင်ငံ ၄၅ နိုင်ငံ ပါဝင်တဲ့ အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ COVID-19 ကြောင့် ဆယ်စုနှစ်ခြောက်ခုအတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့တယ်လို့ ADB က ဆိုပါတယ်။ ADB ရဲ့ အဆိုအရ ၂၀၂၀ ခုနှစ်မှာ အာရှရဲ့စီးပွားရေး ၀.၇ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ သိရပါတယ်။ သို့သော် ၂၀၂၁ ခုနှစ်မှာတော့ အာရှဒေသရဲ့ စီးပွားရေး ပြန်လည်အားကောင်းလာမယ်လို့ ခန့်မှန်းထားပြီး ၆.၈ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ဆိုပါတယ်။



အာရှဒေသရဲ့ စီပွားရေးဟာ ယခုနှစ် လေးလပတ်သုံးခုမှာ ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ADB ရဲ့ Asian Development Outlook Update က ဖော်ပြပါတယ်။ ဒေသတွင်း စီးပွားရေးကျဆင်းမှုကို ကုစားမှုဖြင့်လည်း ၂၀၂၀ ခုနှစ် အာရှရဲ့ GDP (gross domestic product) ဟာ ၀.၁ ရာခိုင်နှုန်းမျှသာ မဆိုစလောက် တိုးတက်လာမယ်လို့ ဆိုပါတယ်။

(Photo: ANI)

အာရှနဲ့ ပစိဖိတ်ဒေသတွင်း စီးပွားရေးအများစုဟာ ၂၀၂၀ ခုနှစ်ရဲ့ လက်ကျန်အချိန်တွေမှာ ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲနိုင်ကြောင်း ADB ရဲ့ စီးပွားရေးပညာရှင် အကြီးအကဲ ယာဆူယူကီဆာဝါဒါက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF) ကလည်း အာရှစီးပွားရေးအပေါ် ယခုနှစ် အစောပိုင်းမှာ ADB ကဲ့သို့ပင် အလားတူ ခန့်မှန်းထားခဲ့ကြောင်း သိရပါတယ်။

တောင်အာရှဟာ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်ကျဆင်းမှု အဆိုးဆုံးကြုံရနိုင်ပြီး တရုတ်နိုင်ငံကတော့ စီးပွားရေးပြန်ကောင်းလာရန် ဦးတည်နေတယ်လို့ ဆိုပါတယ်။ အိန္ဒိယရဲ့ စီးပွားရေးဟာ ယခုနှစ်မှာ ၉ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ခန့်မှန်းရပြီး တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၁.၈ ရာခိုင်နှုန်းဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

(Photo: The Independent BD)

အရှေ့တောင်အာရှရဲ့ စီးပွားရေးကတော့ ၃.၈ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ဆိုပါတယ်။ ကျွန်းတွေကို အခြေပြုပြီး ခရီးသွားလုပ်ငန်းကို အားထားမှီခိုနေရတဲ့ နိုင်ငံတွေမှာ စီးပွားရေးကျုံ့သွားမှုများ အဓိက ကြုံနေရပါတယ်။ ယခုနှစ်မှာ ဖီဂျီနိုင်ငံရဲ့ စီးပွားရေးဟာ ၁၉.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး မော်လ်ဒိုက်နိုင်ငံမှာလည်း စီးပွားရေးကျဆင်းမှု ၂၀.၅ ရာခိုင်နှုန်း ဖြစ်နိုင်တယ်လို့ ADB က ခန့်မှန်းထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

ADB ရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ အာရှအတွက် သတင်းကောင်းအဖြစ် လာမယ့်နှစ်အတွင်း စီးပွားရေး ပြန်လည်ဦးမော့လာပြီး ၆.၈ ရာခိုင်နှုန်း တိုးတက်မယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ တရုတ်ရဲ့စီးပွားရေးဟာ ၇.၇ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပြီး အိန္ဒိယဟာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၈ ရာခိုင်နှုန်း ရှိလာနိုင်ကြောင်း ADB က ပြောပါတယ်။

(Photo: BanbladeshInfo)

သို့သော် စီးပွားရေး နာလန်ပြန်ထူမယ့် အခြေအနေဟာ ကပ်ရောဂါ ကာလရှည်ကြာမှုနဲ့ ပိုမိုတင်းကျပ်တဲ့ ကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေကြောင့် လွဲချော်သွားနိုင်ကြောင်းလည်း ADB က သတိပေးပါတယ်။ "COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးအန္တရာယ်က ကြီးကြီးမားမား ရှိနေဆဲပါပဲ၊ ကူးစက်မှုပထမလှိုင်း အချိန်ကာလရှည်ကြာတာ ဒါမှမဟုတ် ကူးစက်မှုတွေ ပြန်ဖြစ်လာတာကြောင့် နောက်ထပ် ထိန်းချုပ်ရေးအစီအမံတွေ လုပ်ဆောင်ရတာတွေ ရှိနိုင်ပါတယ်" လို့ စီးပွားရေးပညာရှင် ဆာဝါဒါက ပြောပါတယ်။

Share

Loading Next Article...
က္က