ဒါနန်းမြို့ကို လေယာဥ်ခရီးစဥ်နဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အဝင်အထွက်အားလုံး ရပ်ဆိုင်းထားမှာပါ။
Ko John

ဗီယက်နမ်နိုင်ငံမှာ သုံးလအတွင်း ပထမဆုံးအကြိမ် COVID-19 ကူးစက်မှုပြန်တွေ့လာရပြီးနောက် ကူးစက်မှုတွေ့ရတဲ့ လူဦးရေ ၁.၁ သန်းရှိ ဒါနန်းမြို့ကို လေယာဥ်ခရီးစဥ်နဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အဝင်အထွက်အားလုံး ရပ်ဆိုင်းထားမယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။

(Photo: EPA)

ဗီယက်နမ်မှာ တင်းကျပ်တဲ့ အသွားအလာကန့်သတ်ပြီး ခွဲခြားနေထိုင်စေတဲ့ စီမံဆောင်ရွက်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန် စစ်ဆေးမှုတွေကြောင့် ဗီယက်နမ်မှာ ယခုပြန်တွေ့ရတဲ့ ကူးစက်မှုအသစ် မတိုင်မီအထိ ကူးစက်မှု ၄၁၅ ခုသာရှိခဲ့ပြီး သေဆုံးမှု မရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းကူးစက်မှုများ မရှိခဲ့တာ ရက် ၁၀၀ ကြာမြင့်ခဲ့ပါတယ်။



သို့သော် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိကြတဲ့ ဒါနန်းမြို့မှ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှာ COVID-19 ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဧပြီလနှောင်းပိုင်းမှစပြီး lockdown စီမံဆောင်ရွက်မှုတွေ ရုပ်သိမ်းခဲ့ရာ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဒါနန်းကို ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှု မြင့်တက်လာခဲ့ပါတယ်။

(Photo: Reuters)

ယခုအခါ ကူးစက်မှုအသစ် တွေ့လာရတဲ့ ဒါနန်းမြို့ကို လေယာဥ်နဲ့ အခြားသယ်ယူပို့ဆောင်ရေး အဝင်အထွက်အားလုံး ရပ်ဆိုင်းထားရန် ပို့ဆောင်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက် ညပိုင်းမှာ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး ညသန်းခေါင်မှစပြီး သက်ရောက်မယ်လို့ သိရပါတယ်။ ဒါနန်းမြို့ဟာ ပြည်တွင်းပြည်ပ ခရီးသွားတွေကြား ထင်ရှားကျော်ကြားပြီး လက်ရှိမှာ ပြည်ပခရီးသွားတွေ လာရောက်ခွင့်မရှိသေးပေမဲ့ မြို့ရဲ့ ကမ်းခြေတွေနဲ့ စားသောက်ဆိုင်တွေမှာ ဗီယက်နမ်ပြည်တွင်း ခရီးသွားများဖြင့် ပြည့်နေခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက်မှစပြီး သီတင်းပတ်ကုန်အထိ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ဒါနန်းမြို့သို့ ခရီးသည် ၈၀,၀၀၀ လာရောက်ရန် စီစဥ်ထားကြောင်း ဗီယက်နမ် မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။ ဒါနန်းမြို့မှာ ရထားများ၊ ကျွန်းများသို့သွားတဲ့ စက်လှေများ၊ ဘတ်စ်ကားများ၊ တက္ကဆီများနဲ့ ခရီးသွားယာဥ်များ အားလုံးကိုလည်း ၁၅ ရက်ကြာ ပြေးဆွဲမှုရပ်ဆိုင်းထားစေမယ်လို့ သိရပါတယ်။

(Photo: Reuters)

ဒါနန်းမြို့မှာ ပြန်တွေ့လာရတဲ့ COVID-19 ကူးစက်မှုဟာ ဧပြီ ၁၆ ရက်နောက်ပိုင်း ပထမဆုံး ပြည်တွင်းကူးစက်မှုလို့လည်း ဆိုပါတယ်။ ဒါနန်းမြို့မှာ စုစုပေါင်း ကူးစက်မှုအသစ် ၁၆ ခု စစ်ဆေးတွေ့ရှိရပြီး အများစုဟာ ဆေးရုံသုံးရုံနဲ့ ဆက်နွယ်နေပါတယ်။ ထိုဆေးရုံတွေကို ဇူလိုင် ၂၇ ရက် ညသန်းခေါင်ကျော် ဇူလိုင် ၂၈ ရက်အကူးမှစပြီး နောက်ထပ် အသိပေးမှု မထုတ်ပြန်မချင်း lockdown လုပ်ထားမယ်လို့ ဆိုပါတယ်။

ထိုအတောအတွင်း မြို့ရဲ့ ခရိုင်အများစုရှိ မြို့ခံတွေကို မဖြစ်မနေ ကိစ္စအတွက်ကလွဲပြီး အိမ်မှာသာနေကြရန် ပြောကြားထားပြီး နေအိမ်ပြင်ပမှာ လူနှစ်ဦးထက်ပိုတဲ့ စုဝေးမှုတွေကို တားမြစ်ပိတ်ပင်လိုက်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ ဒါနန်းမြို့မှာ ရောက်ရှိနေတဲ့ ပြည်တွင်းခရီးသွား အများစုအပါအဝင် လူဦးရေ ၈၀,၀၀၀ ကို ရွှေ့ပြောင်းနေကြောင်းလည်း သိရပါတယ်။ ဗီယက်နမ်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၃၁ ဦး တွေ့ရှိခဲ့ပြီး ၃၆၅ ဦး ပြန်လည်သက်သာသွားပြီဖြစ်ကာ သေဆုံးမှုမရှိခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author

  • Ko John

    Editorial Advisor at Duwun


က္က