အစ္စရေးဟာ ဒုတိယအကြိမ် တစ်နိုင်ငံလုံးကို lockdown သတ်မှတ်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာပါတယ်။

အစ္စရေးမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရန် တစ်နိုင်ငံလုံးကို lockdown လုပ်ထားမယ်လို့ ဝန်ကြီးချုပ်ဘင်ဂျမင်နက်တန်ယာဟူက စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြောပါတယ်။

(အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူ) (Photo: Sky News)

အစ္စရေးတစ်နိုင်ငံလုံးကို lockdown လုပ်မှုဟာ လာမယ့် သောကြောနေ့ (စက်တင်ဘာ ၁၈ ရက်) မှာ စတင်သက်ရောက်မှာဖြစ်ပြီး ရက်သတ္တပတ်သုံးပတ် ကြာမြင့်မယ်လို့ သိရပါတယ်။ အစ္စရေးမှာ တစ်နိုင်ငံလုံးကို lockdown လုပ်ထားမှုဟာ ဂျူးလူမျိုးတို့ရဲ့ နှစ်သစ်ကူးအားလပ်ရက် ကာလလည်းဖြစ်ပြီး ပြည်သူတွေဟာ မိမိတို့အိမ်ရဲ့ မီတာ ၅၀၀ (၅၄၇ ကိုက်) ပတ်လည်အတွင်းမှာသာ နေထိုင်ရမှာ ဖြစ်ပါတယ်။



သို့သော် လုပ်ငန်းခွင်သို့ သွားရောက်နိုင်ပြီး ကန့်သတ်ချက်နဲ့ အလုပ်လုပ်ကိုင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းများနဲ့ ဈေးဝယ်စင်တာတွေကို ပိတ်ထားမှာဖြစ်ပြီး ဆေးဆိုင်တွေကိုတော့ ဖွင့်ထားမယ်လို့ သိရပါတယ်။ အစိုးရဌာနတွေမှာ ဝန်ထမ်းအရေအတွက် လျှော့ချထားပြီး အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။

(Photo: EPA)

အစိုးရမဟုတ်တဲ့ ရုံးခန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ၎င်းတို့ရဲ့ ဝန်ဆောင်မှုရယူသူတွေကို လက်ခံခြင်းမရှိစေဘဲ ဆက်လက်ဖွင့်ခွင့်ပြုထားမယ်လို့ ဆိုပါတယ်။ အစ္စရေး lockdown အစီအမံအရ အဆောက်အအုံအတွင်း လူ ၁၀ ဦးအထိနဲ့ အဆောက်အအုံပြင်ပမှာ လူ ၂၀ ဦးအထိသာ စုရုံးခွင့်ရှိကြောင်း ကန့်သတ်ထားပါတယ်။

"ဒီ အစီအမံတွေက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ပေးဆပ်ရမှုတစ်ခုဆိုတာ ကျွန်တော် သိပါတယ်၊ ဒါက ကျွန်တော်တို့ ဖြတ်သန်းခဲ့ဖူးတဲ့ အားလပ်ရက်ပုံစံ မဟုတ်ပါဘူး၊ ပြီးတော့ ကျွန်တော်တို့ နောက်ထပ် မိသားစုတွေနဲ့အတူ နှစ်သစ်ကူးပွဲ မကျင်းပနိုင်မှာ သေချာပါတယ်" လို့ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက ပြောပါတယ်။

(Photo: Sky News)

Lockdown အစီအမံဟာ အစ္စရေးကို စီးပွားရေး ထိခိုက်ဆုံးရှုံးမှု ဖြစ်စေမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အစ္စရေးနိုင်ငံဟာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် စီးပွားရေးကျဆင်းမှုဖြစ်ခဲ့ပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၈၈ ဘီလီ ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ ဝန်ကြီးချုပ်နက်တန်ယာဟူကတော့ lockdown ကြောင့် ထိခိုက်နစ်နာတဲ့ စီးပွားရေးလုပ်ငန်းတွေကို အကူအညီပေးရေး စီးပွား‌ရေးဆိုင်ရာ အစီအစဥ်သစ်တစ်ခု ရေးဆွဲလုပ်ဆောင်ရန် ဘဏ္ဍာရေးဝန်ကြီးကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

(Photo: Sky News)

အစ္စရေးဟာ ဧပြီလအတွင်း ဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိခဲ့စဥ်က ယခုထက်ပင် ပိုမိုတင်းကျပ်တဲ့ lockdown အစီအမံ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ထိုသို့ ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းမှာတော့ လူဦးရေ ၉ သန်းရှိတဲ့ အစ္စရေးနိုင်ငံမှာ နေ့စဥ် ကူးစက်မှုအသစ်တွေ ဂဏန်းနှစ်လုံး အရေအတွက်သို့ လျော့ကျသွားခဲ့ပါတယ်။

သို့သော် စီးပွားရေး ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် နေ့စဥ် ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာခဲ့ကာ လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ကူးစက်ခံရသူ ၄,၀၀၀ ကျော်သွားခဲ့ပါတယ်။ စနေနေ့ (စက်တင်ဘာ ၁၂ ရက်) ထုတ်ပြန်မှုအရလည်း အစ္စရေးမှာ ကူးစက်ခံရသူ နောက်ထပ် ၂,၇၁၅ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။ ကူးစက်မှုစတင်ဖြစ်ပွားချိန်မှစပြီး ယနေ့အထိ အစ္စရေးမှာ COVID-19 ကြောင့် သေဆုံးသူ ၁,၁၁၉ ဦးရှိခဲ့ပါတယ်။

(ရာထူးမှ နုတ်ထွက်သွားတဲ့ ဝန်ကြီး Yaakov Litzman) (Photo: Getty Images)

အစ္စရေး lockdown အစီအမံကို အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုအချို့လည်း ရှိခဲ့ပြီး ဆောက်လုပ်ရေးနဲ့အိုးအိမ်ဝန်ကြီးဌာန ဝန်ကြီး Yaakov Litzman က ရာထူးမှ နုတ်ထွက်သွားခဲ့ပါတယ်။ ဝန်ကြီး Yaakov Litzman က နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း lockdown လုပ်ထားခြင်းကို ကန့်ကွက်တဲ့အနေဖြင့် ရာထူးမှ နုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အားလပ်ရက်ကာလအတွင်း lockdown လုပ်ခြင်းက နိုင်ငံသားတွေကို အရေးမစိုက်ရောက်ကြောင်း ၎င်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။ အစ္စရေးဟာ COVID-19 ကပ်ရောဂါကာလအတွင်း ဒုတိယအကြိမ် တစ်နိုင်ငံလုံးကို lockdown သတ်မှတ်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံလည်းဖြစ်လာကြောင်း Sky News က ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က