ဝူဟန်ဓာတ်ခွဲခန်းက ကပ်ရောဂါဗိုင်းရပ်စ်ကို ဖန်တီးခဲ့ရာ နေရာဖြစ်လေသလားလို့ ထင်မြင်ချက်တွေ ရှိနေပါတယ်။

ကမ္ဘာတစ်ဝှမ်း ကူးစက်ဖြစ်ပွားတဲ့ COVID-19 ကပ်ရောဂါကြီး စတင်ခဲ့ရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့စွန် တောင်တန်းများရှိရာ နေရာမှ Wuhan Institute of Virology ရဲ့ ဇီဝလုံခြုံရေး မြှင့်တင်ထားတဲ့ ဓာတ်ခွဲခန်းဟာ ကပ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဖန်တီးမွေးဖွားခဲ့ရာ မူလရင်းမြစ်ဖြစ်လေသလားလို့ ထင်မြင်ယူဆချက်တွေ အများအပြား ရှိနေပါတယ်။

ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းအဆောက်အအုံကနေ ထွက်ရှိလာခဲ့တာ ဖြစ်နိုင်ကြောင်း အယူအဆတွေ ရှိနေပါတယ်


အထူးသဖြင့် အမေရိကန်က ထိုဓာတ်ခွဲခန်းထဲကနေ COVID-19 ကပ်ရောဂါဆိုးကြီးကို ဖြစ်စေခဲ့တဲ့ SARS-CoV-2 ဗိုင်းရပ်စ် ထွက်လာခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေရှိခဲ့ပြီးနဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။ တရုတ်သိပ္ပံပညာရှင်တွေကတော့ ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်ရောင်းချတဲ့ ဈေးတစ်ခုမှာ တိရိစ္ဆာန်ကနေ လူကို ကူးစက်သွားခဲ့ဖွယ်ရှိကြောင်း ပြောထားခဲ့ပါတယ်။

သို့သော် ဓာတ်ခွဲခန်းတည်နေရာနဲ့ အဆိုပါဈေးဟာ အလွန်ဝေးကွာနေခြင်းမရှိရာ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းအဆောက်အအုံကနေ ထွက်ရှိလာခဲ့တာ ဖြစ်နိုင်ကြောင်း အယူအဆတွေကို ပိုမိုအားကောင်းစေခဲ့ပါတယ်။ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိတ်ဝင်တစားရှိနေကြတဲ့ ဝူဟန်ဓာတ်ခွဲခန်းအကြောင်း အဓိက အချက်အလက်တွေကို ကောက်နုတ်ဖော်ပြထားပါတယ်။

ဝူဟန်မြို့စွန်က ဓာတ်ခွဲခန်းဆိုတာ?

ဓာတ်ခွဲခန်းတည်ရှိရာ Wuhan Institute of Virology မှာ အာရှဒေသတွင်း အကြီးဆုံး ဗိုင်းရပ်စ်စုဆောင်းရေးဖြစ်တဲ့ China Centre for Virus Culture Collection အခြေစိုက်ထားပြီး ဗိုင်းရပ်စ်အမျိုးပေါင်း ၁,၅၀၀ ကျော် စုဆောင်းထားရှိပါတယ်။ ထို့အတူ အာရှရဲ့ ပထမဆုံး ဇီဝလုံခြုံမှုအဆင့် ၄ (Class 4 pathogens - P4) ဓာတ်ခွဲခန်းလည်း Wuhan Institute of Virology မှာ ရှိနေပါတယ်။

အပြင်းအထန် ကာကွယ်တားဆီးပြီး ထိန်းချုပ်ထားပါတယ်၊ အကြောက်မလွန်ပါနဲ့၊ တရားဝင် ထုတ်ပြန်ကြေညာချက်တွေကို နားထောင်ပါ၊ သိပ္ပံပညာကို ယုံကြည်ပါ၊ ကောလာဟလတွေ မဖြန့်ပါနဲ့

P4 အဆင့် ဓာတ်ခွဲခန်းမှာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်မှုအန္တရာယ်မြင့်မားတဲ့ အီဘိုလာ (Ebola) ကဲ့သို့ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်များထားရှိပါတယ်။ Wuhan Institute of Virology ရဲ့ အမေရိကန်ဒေါ်လာ ၄၂ သန်းတန် P4 အဆင့် ဓာတ်ခွဲခန်းကို ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီး လုပ်ငန်းများ လုပ်ဆောင်နေခဲ့ပါတယ်။



ဓာတ်ခွဲခန်းတည်ဆောက်ရာမှာ ပြင်သစ်နိုင်ငံမှ Alain Merieux ကုမ္ပဏီက အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဝူဟန်ဓာတ်ခွဲခန်း တည်ရှိရာနေရာမှာပင် ဇီဝလုံခြုံမှုအဆင့် ၃ (P3) ဓာတ်ခွဲခန်းတစ်ခုလည်းရှိပြီး ၂၀၁၂ ခုနှစ်ကတည်း လုပ်ငန်းများ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ စတုရန်းပေ ၃၂,၀၀၀ ကျော် အကျယ်အဝန်းရှိတဲ့ P4 ဓာတ်ခွဲခန်းကြီးကိုတော့ ဆလင်ဒါပုံစံတည်ဆောက်ထားပါတယ်။

လတ်တလော ကာလအတွင်း AFP က ထိုဓာတ်ခွဲခန်းနေရာကို ဝင်ရောက်ခွင့်ရခဲ့ရာမှာ လုပ်ငန်းဆောင်ရွက်နေမှုတွေ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ ဓာတ်ခွဲခန်းတည်ရှိရာနေရာရဲ့ အပြင်ဘက်မှာတော့ "အပြင်းအထန် ကာကွယ်တားဆီးပြီး ထိန်းချုပ်ထားပါတယ်၊ အကြောက်မလွန်ပါနဲ့၊ တရားဝင် ထုတ်ပြန်ကြေညာချက်တွေကို နားထောင်ပါ၊ သိပ္ပံပညာကို ယုံကြည်ပါ၊ ကောလာဟလတွေ မဖြန့်ပါနဲ့" လို့ အဓိပ္ပါယ်ရတဲ့ စာတန်းပါ ပိုစတာတစ်ခုကို တွေ့ရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလရင်းမြစ်လား?

အမေရိကန်သတင်းဌာနတွေဖြစ်ကြတဲ့ Washington Post နဲ့ Fox News နှစ်ခုလုံးကတော့ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းအဆောက်အအုံကနေ မတော်တဆ လွတ်ထွက်လာခဲ့နိုင်မှုအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောခဲ့တဲ့ အမည်မဖော်ပြသူ သတင်းရင်းမြစ်တွေကို ကိုးကားခဲ့ကြပါတယ်။

ပထမဆုံးလူနာဟာ ဝူဟန်ဓာတ်ခွဲခန်းမှာ ဗိုင်းရပ်စ်ကို လေ့လာနေစဥ် ကူးစက်ခံခဲ့ရနိုင်ပြီးနောက် ဝူဟန်မြို့ခံများကြား ပျံ့နှံ့ရောက်ရှိသွားခဲ့ဖွယ်ရှိကြောင်း ယူဆမှုတွေရှိနေပါတယ်

Washington Post က ကြည့်ရှုခွင့်ရခဲ့တဲ့ အမေရိကန်သံရုံး လျှို့ဝှက်ပေးစာတွေအရ ဇီဝလုံခြုံရေးမြှင့်တင်ထားတဲ့ ဓာတ်ခွဲခန်းအတွင်း သုတေသီတွေရဲ့ SARS ကဲ့သို့ လင်းနို့ ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဆောင်ရွက်မှုမှာ ဘေးကင်းလုံခြုံ‌ရေး မလုံလောက်မှုအပေါ် တာဝန်ရှိသူတွေဟာ အထူး စိုးရိမ်ခဲ့ကြောင်း သိရပါတယ်။

Fox News ကလည်း ကပ်ရောဂါကြီးရဲ့ ပထမဆုံးလူနာ (patient zero) ဟာ ဝူဟန်ဓာတ်ခွဲခန်းမှာ ဗိုင်းရပ်စ်ကို လေ့လာနေစဥ် ကူးစက်ခံခဲ့ရနိုင်ပြီး ၎င်းထံမှတစ်ဆင့် ဝူဟန်မြို့ခံများကြား ပျံ့နှံ့ရောက်ရှိသွားခဲ့ဖွယ်ရှိကြောင်း သတင်းဖော်ပြခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လည်း ဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းကနေ ထွက်လာခဲ့ကြောင်း သတင်းတွေနဲ့ဆက်စပ်ပြီး အလွန် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းမှ ထွက်လာခဲ့နိုင်ကြောင်း အယူအဆမျိုးစုံကတော့ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ ဝူဟန်ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာ Yuan Zhiming ကတော့ ၎င်းတို့ထံကနေ ဗိုင်းရပ်စ်ထွက်သွားစရာ အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ ၎င်းတို့ထံမှ ဗိုင်းရပ်စ် ထွက်လာခဲ့ကြောင်း ကောလာဟလတွေနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီလအတွင်းကလည်း ဝူဟန်ဓာတ်ခွဲခန်းက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ကာ ပယ်ချခဲ့ပါသေးတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားမှုအရ ထိုစဥ်က အမျိုးအမည် မသိရေးတဲ့ ဗိုင်းရပ်စ်ရဲ့ ဓာတ်ခွဲနမူနာကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ လက်ခံရရှိခဲ့ကြောင်း၊ ထို့နောက် ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ စိစစ်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) သို့ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဗိုင်းရပ်စ်ဟာ လင်းနို့တွေကနေ စတင်ခဲ့ပြီးနောက် ကြားခံမျိုးစိတ်တစ်ခုမှတစ်ဆင့် လူသားများထံ ကူးစက်သွားခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်

ဗိုင်းရပ်စ်ကူးစက်မှုအတွက် ဝူဟန်ဓာတ်ခွဲခန်းမှာ တာဝန်ရှိကြောင်း အမေရိကန်ဘက်က စွပ်စွဲမှုတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်အမျိုးသား Zhao Lijian က ပယ်ချထားပါတယ်။ ဓာတ်ခွဲခန်းကိစ္စ စွပ်စွဲမှုတွေဟာ ရှုပ်ထွေးမှုဖန်တီးရန်၊ လူတွေရဲ့ အာရုံစိုက်မှုကိုပြောင်းလဲရန်နဲ့ ၎င်းတို့ရဲ့ တာဝန်ရှိမှုကို ဖုံးကွယ်ရန် ရည်ရွယ်ချက်ဖြစ်ကြောင်း Zhao Lijian က ပြောပါတယ်။ Zhao Lijian က အမေရိကန်စစ်တပ်ဟာ ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းလာခဲ့ကြောင်း အယူအဆတွေကို အားပေးခဲ့သူလည်း ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေ ဗိုင်းရပ်စ်အကြောင်း ဘာတွေ သိထားကြသလဲ?

သိပ္ပံပညာရှင်တွေကတော့ ဗိုင်းရပ်စ်ဟာ လင်းနို့တွေကနေ စတင်ခဲ့ပြီးနောက် ကြားခံမျိုးစိတ်တစ်ခုမှတစ်ဆင့် လူသားများထံ ကူးစက်သွားခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ တိုင်းရင်းဆေးဖော်စပ်ရန်အတွက် တရားမဝင် ရောင်းဝယ်နေကြတဲ့ သင်းခွေချပ်ထံမှတစ်ဆင့် လူသားများထံ ကူးစက်ခဲ့သွားခဲ့တာ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။

သို့သော် ဇန်နဝါရီလအတွင်း The Lancet ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ တရုတ်သိပ္ပံပညာရှင် အုပ်စုတစ်ခုရဲ့ လေ့လာမှုအရ ပထမဆုံး COVID-19 လူနာဟာ ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်များရောင်းချရာဈေးနဲ့ ဆက်စပ်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ထို့အတူ ပထမဆုံး စစ်ဆေးအတည်ပြုခဲ့တဲ့ လူနာ ၄၁ ဦးအနက် ၃၁ ဦးဟာလည်း ထိုဈေးနဲ့ ဆက်စပ်မှုမရှိခဲ့ကြောင်း သိရပါတယ်။



လင်းနို့မှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေအကြောင်း ကျွမ်းကျင်သူ တရုတ်သုတေသီနဲ့ ဝူဟန်ဓာတ်ခွဲခန်း လက်ထောက်ဒါရိုက်တာ Shi Zhengli ကတော့ SARS-CoV-2 ဗိုင်းရပ်စ် မျိုးရိုးဗီဇဟာ ၎င်းတို့ရဲ့ ဓာတ်ခွဲခန်းမှာ စုဆောင်းလေ့လာနေတဲ့ လင်းနို့ ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ တူညီမှုမရှိကြောင်း Scientific American မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ Shi Zhengli က SARS-CoV-2 ဗိုင်းရပ်စ်ဟာ လင်းနို့တွေထံမှဖြစ်ကြောင်း ပထမဆုံး သုတေသနမှာလည်း ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

လူတွေမှာ ဒီဗိုင်းရပ်စ် ဘယ်လို စတင်ကူးစက်ခံခဲ့ရနိုင်လဲဆိုတာ ထင်မြင်ယူဆမှုတွေ အများအပြားရှိပါတယ်

ဗြိတိန်နိုင်ငံရှိ King's College London မှ ဇီဝလုံခြုံရေးဆိုင်ရာ သုတေသီ Filippa Lentzos ရဲ့ အဆိုအရ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းကနေ မတော်တဆ လွတ်ထွက်လာခဲ့ကြောင်း လက်ရှိအချိန်အထိ အထောက်အထားမရှိသလို သားစိမ်းငါးစိမ်းရောင်းတဲ့ ဈေးကနေ စတင်ခဲ့ကြောင်း စစ်မှန်တဲ့ အထောက်အထားလည်း မရှိဘူးလို့ သိရပါတယ်။

ဗိုင်းရပ်စ်ရဲ့ မူလရင်းမြစ်ဟာ ၎င်းအတွက် မေးခွန်းတစ်ခုဖြစ်နေဆဲလို့ Filippa Lentzos က ဆိုပါတယ်။ "လူတွေမှာ ဒီဗိုင်းရပ်စ် ဘယ်လို စတင်ကူးစက်ခံခဲ့ရနိုင်လဲဆိုတာ ထင်မြင်ယူဆမှုတွေ အများအပြားရှိပါတယ်၊ လက်ရှိအချိန်ထိ အဲဒါတွေထဲက တစ်ခုခုက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ သက်သေပြနိုင်တယ်လို့ ကျွန်မ မထင်ပါဘူး" လို့ ဇီဝလုံခြုံရေးဆိုင်ရာ သုတေသီ Filippa Lentzos က ပြောပါတယ်။

Source: AFP, Fox News, Washington Post

Share

Loading Next Article...
က္က