ကမ္ဘာ့နိုင်ငံအားလုံးနီးပါးမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုများ တွေ့ရှိထားပြီး ဖြစ်ပါတယ်။
Ko John

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့နေရာအနှံ့မှာ ကူးစက်ဖြစ်ပွားမှုဟာ အရှိန်မြင့်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲက မတ်လ ၂၃ ရက်နေ့မှာ သတိပေး ပြောကြားပါတယ်။

လက်ရှိအချိန်အထိ စာရင်းတွေအရ ကမ္ဘာ့နိုင်ငံအားလုံးနီးပါးမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုများ တွေ့ရှိထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ဦး ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မတ်လ ၂၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန် တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၃ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅၃,၄၄၄ ဦးနဲ့ သေဆုံးသူ ၁၅,၄၀၇ ဦးရှိလာခဲ့ပြီး ၁၀၀,၈၇၉ ဦး ပြန်လည်သက်သာခဲ့ပါတယ်။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဗိုင်းရပ်စ်တိုက်ဖျက်ရေး နိုင်ငံရေးပိုင်းမှ ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

ဒါ့အပြင် ၎င်းအနေနဲ့ G20 အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေကို ယခုသီတင်းပတ်အတွင်း တွေ့ဆုံသွားပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗိုင်းရပ်စ်အကာအကွယ်များ တိုးမြှင့်ထုတ်လုပ်လုပ်ရေး ပူးပေါင်းလုပ်ဆောင်ကြရန် ပြောကြားမယ်လို့လည်း Tedros က ဆိုပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုများ ကမ္ဘာအနှံ့ ဖြစ်ပွားနေချိန်မှာ ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံနဲ့ အဖွဲ့အစည်းက အမြန်ဆုံး ဆုံးဖြတ်ချက်ချသွားမယ်လို့ ယုံကြည်ကြောင်း WHO ရဲ့ အရေးပေါ်အစီအစဥ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ခ်ရိုင်ယန်က ပြောပါတယ်။

"ဂျပန်အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက အားကစားသမားတွေနဲ့ ပရိသတ်တွေကို အန္တရာယ်ဖြစ်စေနိုင်မယ်ဆိုရင် ဒီအားကစားပြိုင်ပွဲတွေကို ဆက်လက် ကျင်းပပြုလုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ ဒေါက်တာမိုက်ခ်ရိုင်ယန်က ဆိုပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံ ၁၉၅ နိုင်ငံအနက် အနည်းဆုံး နိုင်ငံပေါင်း ၁၉၀ ကျော်မှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုများ စစ်ဆေးတွေ့ရှိထားပါတယ်။ မတ် ၂၃ ရက် ညပိုင်းအထိ အရှေ့တောင်အာရှနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် လာအိုမှလွဲပြီး ကျန်နိုင်ငံအားလုံး ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိထားကြောင်း သိရပါတယ်။


က္က