နေပြန်ကောင်းလာတဲ့ လူနာတွေမှာ ဗိုင်းရပ်စ် ပြန်ကူးစက်မခံရစေနိုင်တဲ့ ခံနိုင်ရည်ရှိမှုဟာ လပိုင်းအတွင်း ပျောက်ဆုံးသွားနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်လည်သက်သာလာတဲ့ COVID-19 လူနာတွေမှာ ဗိုင်းရပ်စ် ပြန်ကူးစက်မခံရနိုင်ရန် အကူအညီပေးနိုင်တဲ့ ၎င်းတို့ရဲ့ ကိုယ်ခံစွမ်းအား (ကိုရိုနာဗိုင်းရပ်စ်ခံနိုင်ရည်ရှိမှု) ဟာ လပိုင်းအတွင်း ပျောက်ဆုံးသွားနိုင်ကြောင်း ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ သုတေသနအရ သိရှိရပါတယ်။

(Photo: Reuters)

ယခု သုတေသနတွေ့ရှိချက်က အစိုးရတွေအနေနဲ့ ကပ်ရောဂါကို မည်သို့ တုံ့ပြန်ဆောင်ရွက်မှုအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုရှိနိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ King's College London မှ သုတေသီတွေ ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က နေပြန်ကောင်းလာတဲ့ COVID-19 လူနာတွေရဲ့ ဗိုင်းရပ်စ် ပြန်မကူးစက်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို လေ့လာခဲ့ကြတာဖြစ်ပြီး ထိုကဲ့သို့ ပထမဆုံးအကြိမ် လေ့လာမှုလည်း ဖြစ်ပါတယ်။



သုတေသီတွေက COVID-19 လူနာ ၉၀ ကျော်မှာ ဗိုင်းရပ်စ်ကို ထိန်းချုပ်တိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်းထွက်ရှိမှုနဲ့ အချိန်နဲ့အမျှ အပြောင်းအလဲကို လေ့လာခဲ့ကြပါတယ်။ သွေးစစ်ဆေးမှုတွေအရ COVID-19 ရောဂါလက္ခဏာ မပြင်းထန်သူတွေမှာလည်း ဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ကိုယ်ခံစွမ်းအား ပဋိပစ္စည်းအချို့ တွေ့ရပါတယ်။

(Photo: Sam Panthaky/AFP)

သို့သော် သုံးလကြာပြီးနောက်မှာတော့ COVID-19 မဖြစ်စေရန် ဗိုင်းရပ်စ်ကို ထိန်းချုပ်တိုက်ထုတ်တဲ့ ပဋိပစ္စည်းများ ၁၆.၇ ရာခိုင်နှုန်းသာ ဆက်ရှိနေတာ တွေ့ရပါတယ်။ အချို့ လူနာတွေရဲ့ သွေးအတွင်းမှာတော့ သုံးလကြာပြီးနောက် ဗိုင်းရပ်စ် ပြန်ကူးစက်မခံရနိုင်စေတဲ့ ပဋိပစ္စည်းများ မတွေ့ရဘူးတော့ဘူးလို့ ဆိုပါတယ်။

လူ့ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်ကဲ့သို့ ပြင်ပမှ အန္တရာယ်တစ်ခု တွေ့ရှိရပါက ခန္ဓာကိုယ်ရှိ ဆဲလ်တွေက အဆိုပါ ဗိုင်းရပ်စ်ကို ရှာဖွေသတ်ပစ်ပါတယ်။ ခန္ဓာကိုယ်က ထိုသို့ တုံ့ပြန်လုပ်ဆောင်ရာမှာ ပဋိပစ္စည်းများ ထုတ်လွှတ်ပြီး ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကဲ့သို့ အရာတွေကို ထိန်းချုပ်တိုက်ထုတ်ပါတယ်။

(Photo: AFP)

လူတစ်ဦးမှာ လုံလောက်တဲ့ ပဋိပစ္စည်းများ ရှိနေသမျှ ရောဂါမဝင်နိုင်ဘဲ ၎င်းအတွက် ကိုယ်ခံစွမ်းအား ခံနိုင်ရည်ရှိနေစေမှာ ဖြစ်ပါတယ်။ သို့သော် ယခုပြုလုပ်ခဲ့တဲ့ သုတေသနအရ တုပ်ကွေးကဲ့သို့ အခြား ဗိုင်းရပ်စ်တွေဟာ တစ်ကြိမ် ကူးစက်ခံရသူတစ်ဦးအတွက် ကိုယ်ခံစွမ်းအား ခံနိုင်ရည်ရှိသွားပြီး ထိုဗိုင်းရပ်စ် ပြန်ကူးစက်မခံရနိုင်ပေမဲ့ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကတော့ ထိုသို့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူရဲ့ ကိုယ်ခံစွမ်းအား ခံနိုင်ရည်ဟာ ထိုဗိုင်းရပ်စ် ပြန်ကူးစက်မခံရစေရန် အကူအညီအဖြစ် မယူဆနိုင်ကြောင်းနဲ့ ထိုကိုယ်ခံစွမ်းအား ခံနိုင်ရည်ရှိနေမှုဟာ လအနည်းငယ်ထက် ပိုမကြာနိုင်ကြောင်း King's College London မှ သုတေသီတွေ ဦးဆောင်တဲ့ လေ့လာမှုရလဒ်က ပြောထားကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က